-->

Wednesday, December 24, 2008

donation for all being

ဆက်ဖတ်ရန်....

ပန်းသီးထဲက ကြယ်တစ်ပွင့် ..

တစ်နေ့မှာ သူငယ်တန်းတက်နေတဲ့ မြေးလေးက ပန်းသီးတစ်လုံးကိုင်ပြီး အဘိုးဆီပြေးလာတယ်။

"ဘိုးဘိုး.. ဘိုးဘိုး..."

" ဘာလဲ မြေးလေး"

"ပန်းသီးထဲမှာ ကြယ်တစ်ပွင့်ရှိတယ်"

"ဘယ်လိုလုပ်ပြီး ပန်းသီးထဲမှာ ကြယ်ရှိမလဲ ငါ့မြေးရဲ့"

"တကယ်ပါ ဘိုးဘိုး... ပန်းသီးထဲမှာ တကယ့်ကြယ်တစ်ပွင့်ရှိတယ်"

"ဒါဆို ဘိုးဘိုးကို ပြစမ်း"

အခိုင်အမာနဲ့ ယုံယုံကြည်ကြည် ပြောနေတဲ့ ကလေးငယ်ရဲ့ စူးစမ်းချင်စိတ်ကို အဘိုးအို စိတ်ဝင်စားသွားမိတယ်။

"သားကို ဓားပေးပါ ဘိုးဘိုး"

ကလေးငယ်မှာ ဓားယူပြီး ပန်းသီးကို အလယ်ကနေ ကန့်လန့်ခွဲဖို့ ပြင်လိုက်တယ်။ ဒါကို အဘိုးက မြင်တော့

"မြေးလေး ဒီလို မခွဲရဘူး။ အညှာကနေ ဒီလို ခွဲချရတယ်" လို့ ပြောလိုက်တယ်။

အခု ဒီစာဖတ်နေတဲ့ လူတွေကော ပန်းသီးကို ဘယ်လိုခွဲကြပါသလဲ? (ဒီအတိုင်း ကိုက်စားတယ်လို့ ဘုကန့်လန့် မဖြေနဲ့ပေါ့နော်) အဘိုးအိုလိုပဲ ပန်းသီးကို အတည့်ထောင်ပြီး ထက်ဝက် ခြမ်းလိုက်တတ်ကြတယ် မဟုတ်လား? တကယ်လည်း ၉၉% လောက်က အဘိုးအိုလိုပဲ ပန်းသီးကို ခွဲကြမယ်ထင်ပါတယ်။ ဒါဟာ အကျင့်တစ်ခု၊ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒီလိုအတည့်ထောင်ပြီး ထက်ခြမ်းခြမ်းတာကလည်း ပန်းသီးခွဲနည်းရဲ့ "တစ်ခုတည်းသောနည်း" ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ဒါကြောင့် ကန့်လန့်ဖြတ်ပြီး ထက်ဝက်ခြမ်းတဲ့ ကလေးရဲ့ အပြုအမှုကိုမြင်တော့ ဒီလိုခွဲနည်းက မှားနေတယ်ထင်ပြီး ကလေးကို ဟန့်တားဖို့ ကြိုးစားခဲ့တယ်။ အဘိုးအိုက ကျွန်မတို့အတွက် ကြည့်မှန်တစ်ချပ် ဖြစ်ခဲ့ပြီလား?

"ဘိုးဘိုး.. သားက ဒီလို ခွဲချင်တာ"

အဘိုးအိုရဲ့ အဟန့်အတားကို မြေးလေးက ဆိုးဆိုးနွဲ့နွဲ့ ဆန့်ကျင်လိုက်တယ်။

"ကောင်းပြီ.. ကောင်းပြီ... လက်ကိုလည်း သတိထားအုန်းနော်"


ကလေးငယ်က ပန်းသီးကို ကန့်လန့်ဖြတ် ထက်ဝက်ခွဲချလိုက်တယ်။ ထက်ခြမ်းကွဲသွားတဲ့ ပန်းသီးထဲက ပန်းသီးစေ့တွေဟာ ကြယ်ပုံသဏ္ဍာန် ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီအသက်အရွယ်အထိ ပန်းသီးစားလာခဲ့တဲ့ အဘိုးက ပန်းသီးထဲမှာ တကယ်ပဲ လှပတဲ့ ကြယ်တစ်ပွင့်ရှိကြောင်းကို အခုမှ သိလိုက်ရတယ်။

ပန်းသီးထဲက ကြယ်တစ်ပွင့်ကို မြင်တွေ့ခဲ့ဖူးပါသလား?

တစ်သတ်မှတ်တည်း မဟုတ်ဘဲ ဘက်ပေါင်းစုံကနေ ဘဝကို ခံစားတတ်ဖို့၊ အလှည့်အပြောင်းတစ်ခုနဲ့ ကိုယ့်နေ့ရက်ကို ပျော်ရွှင်တဲ့ အရောင်လေးတွေ ခြယ်တတ်ဖို့ ဒီစာက ကျွန်မတို့ကို ပြောသွားခဲ့ပါတယ်။

ဆက်ဖတ်ရန်....

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP