-->

Sunday, July 11, 2010

ပညာခေတ် လူ့အဖွဲ့အစည်း

အခန်း(၅)

ပညာရေးနှင့် ဦးနှောက်ဆက်စပ်မှု

၂၁-ရာစုပညာခေတ် (Knowledge Scociety- age of wisdom) ကို ပညာရှင်များက ရေးသားဖော်ပြကြရာတွင် ဦးနှောက်နှင့် ဆက်စပ်နေမှုကို ပို၍ပို၍ ရေးသားလာကြသည်ကို တွေ့ရှိရပါသည်။
`လက်ဇပ်နှင့် သံလွင်ပင်` စာအုပ်ရေးသားသူ ဂျာနယ်လစ် `တောမတ်ဖရင်းမင်း` က မပစ်မခတ်သော ကျည်ဆန်မဲ့စစ်ပွဲအသစ်ဖြစ်သော ဦးနှောက်စစ်ပွဲများ `Brain Wars` ပေါ်လာမည်ဟူ၍လည်းကောင်း၊ ပညာရှင်များစွာကလည်း Brain Storming ဟု ရေးသားကြရာတွင် စာရေးဆရာပညာရှင် နေဇင်လတ်ကလည်း Brain Storming မှ တီထွင်ကြံဆမှု ‘Creativity` ကို ရလာတတ်ကြောင်း၊ Idea ဆိုသည့် အတွေးအိုင်ဒီယာမှာလည်း Brain Storm မလုပ်ဘဲ မရတတ်ကြောင်း ဓါးကိုသွေးမှ ထက်သကဲ့သို့ ဦးနှောက်ကို သွေး `Brain Storming` လုပ်ပေးပါမှ ထက်မြက်လာမည်ဟု ဆိုပါသည်။

ထို့ကြောင့် ဒေါက်တာနန်းဥမ္မာရေးသော `အံ့သြဖွယ်ရာ လူ့ခန္ဓာ` မှ ဦးနှောက်၏ ခန္ဓာဗေဒ `Anatomy` နှင့် ဇီဝကမ္မဗေဒ Physiology အကြာင်းတို့ကို ကောက်နှုတ်ဖော်ပြလိုပါသည်။ ဦးနှောက်သည် ဦးခေါင်းခွံအတွင်းတွင် တည်ရှိ၍ တစ်ပိသာမရှိတရှိ ၃/၄ ပေါင်ခန့်လေးသည်။ ယောကျာ်းများတွင် အနည်းငယ်ပိုလေးသည်။ သို့သော် အလေးချိန်မှာ ဉာဏ်ကောင်းမှု/ မကောင်းမှုနှင့် မဆိုင်။ အကြောင်းမှာ ဉာဏ်ကောင်းခြင်း မကောင်းခြင်းသည် ဦးနှောက်အတွင်းတွင် ရှိသော ဦးနှောက်ကလပ်စည်း အရေအတွက်၊ ယင်းတို့ အလုပ်လုပ်ပုံနှင့် ထိုသို့ အလုပ်လုပ်နိုင်အောင် အာဟာရရရှိမှု၊ လေ့ကျင့်အသုံးချမှုပေါ်တွင်သာ တည်ရှိသောကြောင့်ဖြစ်ပေသည်။ သို့ဖြစ်၍ ဦးနှောက်ပိုလေးတိုင်း ဉာဏ်ပိုမရှိ၊ ဦးနှောက်ကြီးတိုင်း၊ ခေါင်းကြီးတိုင်း ဉာဏ်ကြီးသည်မဟုတ်။

ဦးနှောက်တစ်ခုတွင် ကလပ်စည်းအရေအတွက်မှာ သန်းပေါင်းတစ်သောင်းနှစ်ထောင်ခန့်ရှိ၏။ ယင်းတို့သည် လျှပ်စစ်ဓာတ်ကူးခြင်းဖြင့် အလုပ်လုပ်သည်။ ယင်းကလပ်စည်းတို့က ထုတ်လွှင့်သော လျှပ်စစ်ဓာတ်သည် ဖယောင်းတိုင်(၂၅) တိုင်အားခန့် (၀ပ် ၂၅) ရှိသည်ဟု သိရသည်။တစ်စက္ကန့်လျှင် လျှပ်စစ်ဓာတ်ဖြင့် အာရုံပေါင်း သန်းတစ်ရာခန့် ဦးနှောက်ထဲတွင် လှည့်လည်နေသည်ဟုလည်း သိရသည်။ အံ့သြစရာပေတည်း။

ဦးနှောက်တစ်ခုလုံးသည် ခံစားမှု၊ စေစားမှု၊ စဉ်းစားမှု၊ မှတ်ဉာဏ်၊ တွေးခေါ်ဉာဏ်တို့ဖြင့် သက်ဆိုင်ရုံမျှမက အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများ အလုပ်မှန်မှန်လုပ်ရန်လည်း ထိန်းချုပ်ကွပ်ကဲပေးသည်။ အာရုံ ငါးပါး ကျက်စားရာလည်းဖြစ်သည်။ အမှန်အားဖြင့် မည်သည့်အင်္ဂါမျှ ဦးနှောက်အောက်မှ မလွတ်။သို့ဖြစ်၍ ဦးနှောက်သည် ခန္ဓာကိုယ်တစ်ခုလုံး၏ ဘုရင်ဖြစ်လေသည်။
ထို့ကြောင့် ဦးနှောက်မှာ အလွန်အရေးကြီး၏။ သူ့ကို ဒဏ်ရာအလွယ်တကူ မရအောင် ဦးခေါင်းခွံဖြင့် ကာထားသည်။ဆောင့်ခြင်း၊ အောင့်ခြင်းကို ခံနိုင်ရန် အမြှေးပါးများ၊ ဦးနှောက်အမြှေးရည်များဖြင့် ၀န်းရံထားသည်။လိုအပ်သော အာဟာရအောက်စီဂျင်များကို သူများထက်စော၍ ပို၍ရသည်။

တစ်ကိုယ်လုံးအလေးချိန်၏ ၂ ရာခိုင်နှုန်းသာရှိသော ဤဦးနှောက်သည် တစ်ကိုယ်လုံးအတွက် ပို့သော သွေးထုထည်၏ ၂၅ ရာခိုင်နှုန်းကို ရသည်။ ဤသို့ရနိုင်ရန် ဦးနှောက်၌ သွေးကြောများသည် (၇) စက္ကန့်၌ ဦးနှောက်သွေး တစ်ပတ်လည်သည်။ ဦးနှောက်သို့ သွေးရောက်ရှိခြင်းမရှိသည်မှာ ၁၂ မိနစ်ကြာလျှင် မျက်စိပြာတတ်၊ မူးတတ်၏။ ဦးနှောက်သည် အသက်ရှင်ရေးအတွက် အရေးကြီးဆုံး အင်္ဂါဖြစ်သကဲ့သို့ အလုပ်လုပ်ဆုံးလည်းဖြစ်သည်။ သို့ဖြစ်၍ သူ၏အတွင်းပိုင်း တည်ဆောက်ပုံမှာလည်း ရှုပ်ထွေးလှ၏။ ယခတိုင် တိတိကျကျ မသိရသေး။သို့ဖြစ်၍ ဦးနှောက်ကို အတုလုပ်၍ မရ၊ အစားထိုး၍ မရသေးခြင်း ဖြစ်သည်။

ထို့ကြောင့် ဦးနှောက်ကို မထိခိုက်အောင်၊ ဦးခေါင်းဒဏ်ရာမရအောင်၊ အရိုက်မခံရလေအောင် ဂရုစိုက်ရ၏။ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာအောင် ဂရုဟစိုက်မှလည်း ဦးနှောက်ကြည်၍ အလုပ်လုပ်နိုင်ပေသည်။ဉာဏ်ကောင်း/ မကောင်းမှာ မျိုးရိုးဗီဇ၊ မွေးရာပါဦးနှောက်၏ အစွမ်းသတ္တ၊ အလုပ်လုပ်ပုံတို့ အပေါ်တွင် အဓိကတည်သော်လည်း လေ့ကျင့်မှု၊ အသုံးချမှုအပေါ်တွင်လည်း တည်သည်။သို့ဖြစ်၍ ဦးနှောက်ကို အမြဲအသုံးချသူ၊ ကြိုးစားသူများသည် အခြားသူများထက် ဉာဏ်ရည်သာပေသည်။
ဦးနှောက်ကို အသုံးချလွန်း၍ ဦးနှောက်ပျက်သည်၊ ရူးသည်ဆိုသည်မှာ မမှန်ပါ။ အသုံးမချ၊ အသုံးချလွဲ၍သာ ရူးရခြင်းဖြစ်သည်။ ဦးနှောက်ကား အသုံးချလေ ကောင်းလေပင်။

အခန်း(၆)

ပညာရေးအတွက် သမိုင်းမှပေးသော သင်ခန်းစာ

၁၈၀၆-ခုနှစ်တွင် ပရပ်ရှား(ဂျာမနီ)နိုင်ငံသည် ပြင်သစ်တို့နှင့် စစ်ဖြစ်ပွါးရာ ယေးနား(Jena) မြို့စစ်ပွဲတွင် ပရပ်ရှားတို့ အတုံးအရုံး၊ မရှုမလှ ကျဆုံးကြပြီး၊ ယင်းဖြစ်ရပ်ကို ပရပ်ရှားတို့က `ယေးနားကံဆိုးမိုးမှောင်ကျမှု`(Disaster if Jena) ဟု ခေါ်တွင်ခဲ့ကြလေသည်။

စစ်ရှုံးမှုမှာ ပရပ်ရှားတို့၏ဇာတ်မာန်ကို ကျင်စက်နှင့်တို့၍ လှုပ်နိုးသကဲ့သို့ ခံစားကြရပြီး အမျိုးသား ရှင်သန်ထမြောက်ရေးအတွက် နည်းလမ်းများကို သုံးသပ်ကြံဆကြရာ..ပရပ်ရှားနိုင်ငံသည် ဖရက်ဒရစ် ၀ီလျံ လက်ထက် ၁၇၁၇-ခုနှစ်တွင် ကလေးများ၏ပညာရေးကို နိုင်ငံတော်မှ စတင်ဂရုစိုက်သော်လည်း အမျိုးသားပညာရေးအဖြစ် တစ်မျိုးသားလုံး၏ပညာရေးအထိ မရောက်ရှိကြောင်း တွေ့ရှိလာကြပါသည်။

ထို့ကြောင့် ပညာရေးကိုပုဂ္ဂိုလ်တစ်ဦး၏ကိစ္စ၊ မိဘကိစ္စ၊ လူတစ်စု၏ကိစ္စအနေနဲ့ မစဉ်းစားတော့ဘဲ ဉာဏ်ပညာကို အမျိုးသားရေးအဖြစ် အသုံးပြုနိုင်ရန် တစ်ခဲနက် သန္နိဋ္ဌာန်ချပြီး ကြိုးပမ်းဆောင်ရွက်ကြပါတော့သည်။
သို့နှင့် ယေးနားမြို့၌ စစ်ဖြစ်ပွါးပြီး (၆၄)နှစ်အကြာ ၁၈၇၀-ခုနှစ်တွင် စစ်ထပ်မံဖြစ်ပွါးရာ ဆီးဒန်းမြို့(Sedan)စစ်ပွဲ၌ ပြင်သစ်တို့ မရှုမလှရှုံးပြီး တတိယမြောက် နပိုလီယံမှာ ပရပ်ရှားများထံ လက်နက်ချလိုက်ရလေတော့သည်။
ယင်းစစ်ပွဲနှင့်ပတ်သက်ပြီး သမိုင်းမှတ်တမ်းတင်ချက်မှာ `ပရပ်ရှားကျောင်းဆရာများ၏အောင်ပွဲ`(Victory of Prussian Schoolmasters) ဟူ၍ ဖြစ်သည်။`ပရပ်ရှား တပ်မတော်၏အောင်ပွဲ`(Victory of Prussain Army) ဟု မှတ်တမ်းမတင်ကြပါ။အမျိုးသားပညာရေးစနစ် အောင်မြင်စွာ တည်ဆောက်နိုင်သောကြောင့် စစ်အောင်နိုင်ခြင်းဖြစ်သည်ကို တင်စားထားခြင်း ဖြစ်ပါသည်။

ယင်းဖြစ်ရပ်အပေါ်သုံးသပ်ချက်မှာ ပညာရေးစနစ်ပြောင်းလိုက်သောကြောင့်….
(က)တစ်မျိုးသားလုံး ဉာဏ်ပညာထက်မြက်လာမှု၊
(ခ)တာဝန်သိတတ်လာမှု၊
(ဂ)စည်းရုံးလာကြမှု စသည်များကြောင့် ပြင်သစ်တို့ကို အနိုင် တိုက်နိုင်သည် ဟူ၍ ဖြစ်ပါသည်။

နိဂုံး

ထို့ကြောင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းတွင် ပညာရေးကို အမျိုးသားပညာရေးစီမံကိန်းချပြီး ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။
ကြွက်သား(Muscle) စွမ်းအားထက် ဦးနှောက်(Brain) စွမ်းအားက ပိုပြီးထိရောက်သည်ကို လက်ရှိကမ္ဘာကြီး၏ အခြေအနေအရ သက်သေခံနေပါသည်။
ကျွန်ုပ်တို့ ကရင်အမျိုးသားများအနေဖြင့်လည်း ပညာခေတ်လူမှု အဖွဲ့အစည်းတွင် ပါဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်သင့်ပါသည်။ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီအနေနှင့်လည်း အမျိုးသားရေးကို ထမ်းဆောင်နေရသော အဖွဲ့အစည်းဖြစ်၍ တစ်ချိန်က `ဒေါကလု`အဖွဲ့အစည်းလို အမျိုးသားပညာရေးပိုင်းတွင် မြှင့်တင်နိုင်လျှင် ပို၍ကောင်းမည်ဟု ယူဆမိပါကြောင်း အကြံပြုတင်ပြလိုက်ပါသည်။

ပဒိုမန်းသိန်းရွှေ(ပိုးကရင် ကွန်ဖရင့်)
၂၇၄၉-ခုနှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ကရင့်ကြေးမုံမှ…..။

ဆက်ဖတ်ရန်....

Monday, May 24, 2010

တူညီသော ချစ်ခြင်းတစ်စုံ

လူတိုင်းလူတိုင်းမှာတော့ စိတ်မကြည်မသာ ဖြစ်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊ ၀မ်းနည်း နာကျင်နေတဲ့အချိန်တွေ တစ်ခါမဟုတ် တစ်ခါတော့ ရှိတတ်ကြမှာဘဲနော်.. အဲဒီအချိန်တွေကို ဘယ်လိုများ ကျော်ဖြတ်ကြပါသလဲ.. လူတစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်ပုံ၊ ရင်ဆိုင်ကြပုံချင်းတော့ တူကြမယ် မထင်ပါဘူး။ တစ်ချို့ကျတော့ စိတ်ဓာတ်ကျရင် ၀မ်းနည်းနာကျင်ရင် ငိုကြွေးကြတယ်.. အချို့က မိမိမိတ်ဆွေ၊ မိဘဆွေမျိုးတွေဆီ ရင်ဖွင့် ပြောပြကြတယ်.. အချို့ကျတော့လည်း စိတ်ခွန်အားဖြစ်မဲ့စာတွေ၊ စိတ်ကို တည်ငြိမ်စေမဲ့ အဆုံးအမ တရားစာတွေ ဖတ်ကြတယ်.. တရားထိုင်ကြတယ်.. တစ်ချို့ကျတော့ သီချင်းတွေ အော်ဟစ် သီဆို တတ်ကြပါတယ်.. ဒါက တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နွမ်းချိန်ကို ရင်ဆိုင် ဖြတ်သန်းပုံချင်း မတူညီတာကို ပြောပြချင်တာပါ..

ကျွန်မစိတ်ညစ်ရင်၊ စိတ်မကြည်မသာဖြစ်ရင် အေးချမ်းဆိတ်ငြိမ်တဲ့ ရှုခင်းတွေ တစ်မျှော်တစ်ခေါ်ကြီးကို ငေးမောလို့ရနိုင်မဲ့ ၊ အချိန်အကြာကြီး ကိုယ့်စိတ်အာရုံတွေကို အဆုံးမရှိ လွတ်ပေးလိုက်လို့ရတဲ့ နေရာမျိုးမှာ ထိုင်နေရတာကို သဘောကျ နှစ်သက်မိတယ်.. ဒီအချိန်မှာ ဖုန်းတွေကို ပိတ်ချင်ပိတ်ထားမယ်.. ပြင်ပ အဆက်အသွယ်တွေ အကုန်ဖြတ်တောက်လို့ ကိုယ်မသိ၊ ကိုယ်မရင်းနှီးတဲ့ မျက်စိတစ်ဆုံးမြင်နေရတဲ့ တောင်တန်းကြီးတွေပေါ်ကို ကျော်ဖြတ်ပြီး အဝေးဆုံးထိ စိတ်ကို ဖြန့်ကျက်လို့ ခရီးနှင်ရတာက ကျွန်မရဲ့ စိတ်အာရုံကို ပြန်လည် လန်းဆန်းလာအောင်၊ စိတ်တွေ ပြန်လည်တည်ငြိမ်လာအောင် ကုစားတဲ့နည်းတစ်မျိုးပါဘဲ.. အဲဒီချိန်မျိုးမှာ အိမ်ထဲမှာ နေနေတာထက်စာရင် အိမ်ပြင်ပကိုထွက်ပြီး လန်းဆန်း သန့်စင်တဲ့ လေပြေရဲ့ အပွေ့အဖက်ကို ခံယူလို့ ကြည်လင်လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပြီ ဆိုရင် ကိုယ့်မှာ ရှိနေတဲ့ သောကစိတ်တွေ အနည်းနဲ့အများတော့ အေးချမ်းသွားတတ်ပါတယ်..


ဒီညနေလဲ တစ်စုံတစ်ရာသော အကြောင်းကြောင့် နောက်ကျိညစ်နွမ်းနေတဲ့၊ ၀မ်းနည်းပင်ပန်းနေတဲ့ စိတ်အာရုံတွေကို ဆေးကြောဖို့ ကျွန်မထိုင်နေကျ နေရာလေးတစ်ခုဖြစ်တဲ့ မြစ်ဆိပ်ကမ်းဘေးက တာရိုးလေးကို ထွက်လာခဲ့မိပါတယ်.. တာရိုးလေးက မြစ်ရေမကျော်အောင် မြေဖို့ထားတဲ့ နေရာပေမဲ့ ကားသွားလို့ရတဲ့ အထိ လမ်းအကျယ်ရှိပြီးတော့ တာရိုးတစ်လျှောက်ကိုလည်း အုတ်တံတိုင်း ကာထားပါတယ်.. အုတ်တံတိုင်းဆိုပေမဲ့လို့ အလုံပိတ်တံတိုင်းမျိုး မဟုတ်ဘဲ အကွက်ကျဲကျဲ ကာထားတဲ့ အရံအတားသဘောမျိုးပါဘဲ.. တံတိုင်းနဲ့ကပ်ရပ်မှာ ထိုင်စရာ ကွန်ကရိ ခုံကလေးများ ခပ်ကျဲကျဲ ရှိနေပြီး တာရိုးပေါ်က လမ်းကလေးကတော့ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးလဲ ဖြစ်ပါတယ်.. အရိပ်ရ အပင်တွေကို အရွယ်ညီညီ စီရီလှပစွာ လမ်းဘေးဝဲယာ စိုက်ပျိုးထားပါတယ်.. သစ်ရွက်စိမ်းတို့ရဲ့ ရနံ့ကလည်း စိတ်ကိုလတ်ဆတ် ကြည်မြစေနိုင်တယ် မဟုတ်ပါလား… တာရိုးအောက်ကို ဆင်းလိုက်တာနဲ့ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင်ကျယ်ကြီးနဲ့အတူ ပြုပြင်ထားတဲ့ အရွယ်မျိုးစုံ၊ အပင်မျိုးစုံတို့ကို စံနစ်တကျ စိုက်ပျိုးထိန်းသိမ်းထားတဲ့ အပန်းဖြေစရာနေရာ ရှိပါတယ်.. ပန်းခြံလို့ခေါ်ချင်ပေမဲ့ အပွင့်ပွင့်တဲ့ ပန်းပင်ဆိုလို့ စက္ကူပန်းပင်ကလွဲလို့ ကျန်တာအားလုံးက စိမ်းစိမ်းစိုစို အရွက်ဖားဖား အပင်ကြီး၊ အပင်လတ်တွေ ဖြစ်တာကြောင့် ပန်းခြံလို့လဲ ခေါ်ဖို့ခက်ပါတယ်.. မြို့နေလူထု အပန်းဖြေနားနေစရာ ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါတယ်..

အဲဒီနေရာမှာတော့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သဘာဝ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့စားပွဲကြီးတွေ၊ လူတွေထိုင်စရာ ကျောက်ခုံတွေ ရှိပါတယ်.. နေ့ခင်း နေ့လည်ဆိုရင် အနားယူသူများ၊ မင်္ဂလာဆောင် အလှဓာတ်ပုံရိုက်ကြသူများ၊ ပျော်ပွဲစားထွက်သူများ ရှိနေတတ်ပြီး ညနေခင်းဆိုရင်တော့ လမ်းလျှောက်လာသူများ၊ ကားနဲ့လာပြီး မိသားစုလိုက် အပန်းဖြေ လေကောင်း လေသန့် ရှုကြသူများနဲ့ မြက်ခင်းပြင်ကြီးမှာရော တာရိုးတစ်လျှောက်မှာပါ စည်ကားလှပါတယ်.. အစားအသောက်ရောင်းချတဲ့ ဆိုင်ကလေးများလည်း ရှိနေတာကြောင့် အပန်းဖြေလာသူများအတွက် အဆင်ပြေလှပါတယ်. ကျွန်မကတော့ မြစ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ်လာတတ်တဲ့ လေပြေနုနု အေးအေး လေးတွေရယ် ဟိုးအဝေးမှာ အဆုံးမရှိ မြင်နေရတဲ့ တောင်ပြာတန်းကြီးတွေရဲ့ ညှို့ယူဆွဲဆောင်နိုင်လွန်းတဲ့ အလှအပရယ်ကြောင့် ဒီနေရာလေးကို သဘောကျမိတာပါဘဲ.. တွေးချင်တိုင်းတွေး၊ ငေးချင်တိုင်းငေးလို့ ကောင်းတဲ့ နေရာလေးတစ်ခုဘဲ မဟုတ်လား။


ခုလဲ တံတိုင်းနားက ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဟိုးဝေးဝေးက ဆင့်ကာဆင့်ကာ စီရီလှပစွာ ရှိနေတဲ့ ပြာရီမှိုင်းမှိုင်း တောင်တံတိုင်းတွေကို ကျော်ဖြတ်လို့ ကျွန်မရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်း လွှင့်သွားနေတဲ့အချိန်မှာ အနီးနားမှာ ကပ်ပြီး ပေါ်လာတဲ့ အသံတစ်ခုကြောင့် စိတ်နဲ့ကိုယ် ပြန်တွဲမိရက်သား ဖြစ်သွားပါတယ်.. ဒီလို စိတ်တွေ ရွက်လွှင့်သွားလိုက်မိတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သတိမထားလိုက်မိပေမဲ့ မြစ်ပြင်က လေအေးကြောင့် အင်္ကျီလက်တိုဝတ်ထားတဲ့ လက်တစ်လျှောက်လုံးတော့ အေးစက်နေခဲ့ပါပြီ။ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လမ်းလျှောက်နေကြတဲ့ အသက် ၇၀ကျော် ၈၀နီးပါး အဖိုးအဖွားစုံတွဲတစ်တွဲ။ အဖိုးအိုက တောင်ဝှေးလေးကို တစ်ဘက်က ကိုင်ထားရင်း လက်တစ်ဘက်က အဖွားအိုရဲ့ လက်ကလေးတွေကို ဖေးမတွဲကူလို့.. အဖွားအိုရဲ့ လက်တွေကလဲ အဖိုးရဲ့ လက်ပေါ်မှာ မြဲမြံခိုင်မာလို့.. ကြည့်ရတာနဲ့တင် ကြည်နူးစရာ ကောင်းနေပြီ.. ကြားလိုက်ရတဲ့ အဖိုးအိုရဲ့ အကြင်နာမေတ္တာအပြည့်နဲ့ အသံကရော ကျွန်မအာရုံတွေကို ဆွဲယူသွားခဲ့တာဘဲမဟုတ်လား.. အဖိုးအိုက အဖွားကို ပြောတဲ့စကားက “အဖွားကြီးရေ.. မောနေပြီလား.. ဖြေးဖြေးလျှောက်နော်.. ထိုင်စရာနေရာ တွေ့ရင် ခနလောက်နားရအောင်.. ရေရော ဆာနေပြီလား.. ထိုင်မဲ့နေရာကျရင် အိတ်ထဲက ရေတိုက်မယ်နော်” တဲ့.. အဖွားကို ကြည့်ရတာ အနည်းငယ်တော့ မောပန်းနေပုံရပါတယ်..

တာရိုးတစ်လျှောက် ကျွန်မကြည့်လိုက်တော့ လူတွေက အတော်များနေတယ်.. ပြီးတော့ ထိုင်ဖို့လုပ်ပေးထားတဲ့ ခုံတွေကလဲ နေရာလွတ်မကျန်တော့အောင် လူတွေအပြည့် ရှိနေပါတယ်.. အထူးသဖြင့်တော့ ငယ်ငယ်ရွယ်ရွယ် စုံတွဲကလေးတွေက ပိုမိုများပြားပါတယ်.. ဒီတော့ မနေနိုင်တဲ့ကျွန်မက ကိုယ်လက်ရှိ ထိုင်နေတဲ့ ကွန်ကရိခုံကလေးကနေ ထလိုက်ပြီး “အဖိုးနဲ့အဖွား ဒီမှာ ခနလောက်နားပါလား.. ကျွန်မ ဒီဘေးက အုတ်တံတိုင်းပေါ် ထိုင်လိုက်မယ်လေ” လို့ ဖိတ်ခေါ်လိုက်ပါတယ်.. အုတ်တံတိုင်းရဲ့ အမြင့်က ခါးလောက်ရှိတာမို့ အဖိုးအဖွားတို့အတွက် အဆင်မပြေနိုင်ပေမဲ့ ကျွန်မအတွက်တော့ ထိုင်လို့ အဆင်ပြေတာကြောင့် ခုံနေရာလေး ဖယ်ပေးပြီး အနီးနားက အုတ်တံတိုင်းပေါ် တက်ထိုင်လိုက်ပါတယ်..


ခုံကလေးပေါ် ထိုင်လိုက်တဲ့ အဖိုးအဖွားတို့ကိုကြည့်ရင်း ဘာရယ်မသိတဲ့ ခံစားချက်လေးတွေနဲ့ စိတ်ဝင်တစား ငေးကြည့်နေမိပါတယ်.. အဖိုးအိုက သူလွယ်လာတဲ့ အိတ်ကလေးထဲက ရေဘူးလေးတစ်ခုကို ထုတ်လိုက်ပြီး အဖွားကို တိုက်ပါတယ်.. ဒါပေမဲ့ အဖွားက ငြင်းလိုက်ပြီး အဖိုးကို အရင်သောက်ပါလို့ ပြောလိုက်တော့ အဖိုးအိုက ခပ်ပြုံးပြုံးလေးနဲ့ ရေကို မော့သောက်လိုက်ပြီး အဖွားဘက်ကို ပြန်ပေးလိုက်တော့မှ အဖွားအိုက ရေကို ဖြေးဖြေးလေး မော့သောက်ပါတယ်.. အဖွားရေသောက်နေတုန်းမှာ အဖိုးအိုက အိတ်ထဲက နောက်ထပ် ပစ္စည်းလေးတစ်ခုကို ဆွဲထုတ်လိုက်ပြန်တယ်.. သူ့လက်ထဲ ပါလာတာက လက်ကိုင်ပုဝါလေး တစ်ထည်.. အဲဒီလက်ကိုင်ပုဝါလေးနဲ့ ချွေးစို့နေတဲ့ အဖွားရဲ့ နဖူးနဲ့ လည်ပင်းတို့ကို သာသာဖွဖွလေး သုတ်ပေးနေပါတယ်.. အိုး သိပ်ကို ရိုမန်တစ်ဆန်လှတဲ့ ကြည်နူးဖွယ် မြင်ကွင်းကလေးပါဘဲလား..

အဖိုးကိုကြည့်ရတာ သူ့အပြုအမူတွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ဟန် ဘာမှ မတွေ့ရသလို ဒီလိုလုပ်ပေးနေတာဟာလည်း သူ့အတွက် ဘာမှမထူးဆန်းသလို အမြဲလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေတဲ့ပုံစံမျိုးနဲ့.. သက်တောင့်သက်သာ စေတနာ မေတ္တာအပြည့်နဲ့ပါဘဲ.. အဖွားအိုကရော.. သူ့မျက်နှာပေါ်လည်း အဖိုးကို ချစ်ခင်မြတ်နိုးခြင်း၊ အားကိုးယုံကြည်ခြင်းတွေအပြည့်နဲ့ အဖိုးခုလို လုပ်ပေးနေတာကို ကြည်နူးနှစ်သက်နေတဲ့ အပြုံးကလေးနဲ့အတူ မျက်နှာလေးက အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်နေပေမဲ့လို့ ချစ်ခြင်း မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှန်းစိုလင်းလက်လို့ပါဘဲ…


ရေသောက်ပြီး ရေဘူးလေးကို အဖိုးကိုပြန်ပေးလိုက်တဲ့ အဖွားဟာ လက်ကိုင်ပုဝါကို ပြန်ဆွဲယူလို့ အဖိုးအိုကို ယုယကြင်နာစွာနဲ့ တစ်လှည့် ပြန်သုတ်ပေးနေပါတယ်.. ပြီးသွားတော့မှ တစ်ယောက်တည်းထိုင်နေတဲ့ ကျွန်မဘက်ကို လှည့်ကြည့်ပြီး “သမီးက တစ်ယောက်တည်းလား.. အဖော်မပါဘူးလား” လို့ မေးလာပါတယ်.. ကျွန်မလဲ “အဖိုးနဲ့အဖွားတို့လို ပျော်စရာအဖော် မရှိဘူးလေ” လို့ ရယ်ရွှင်ပြပြနဲ့ နောက်တောက်တောက်လေး ပြန်ဖြေလိုက်ပါတယ်.. သူတို့ ၂ယောက်ကို ကြည့်ပြီး ကျွန်မရဲ့ စိတ်ထဲမှာ ရင်းရင်းနှီးနှီးကို ခံစားနေမိပြီး ရွှင်ရွှင်မြူးမြူးလေး ဖြစ်နေခဲ့တာကြောင့်ပါ။ အဖိုးအဖွားတို့က ကျွန်မရဲ့စကားကို ခပ်ဟက်ဟက်လေး ရယ်မော လိုက်ကြပါတယ်.. အဖိုးနဲ့အဖွားကို စိတ်ထဲကနေ မေးခွန်းလေးတွေ မေးကြည့်ချင်လာတာကြောင့် စကားစလိုက်မိပါပြီ.

“အဖွားတို့ကို ကြည့်ရတာ အရမ်းကြည်နူးစရာ၊ အားကျစရာကောင်းတယ်နော်.. အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲဟင်”

ကျွန်မရဲ့အမေးကို အဖွားက ပြုံးပြုံးကလေးနဲ့ “အဖွားတို့က ငယ်လင်ငယ်မယားတွေ သမီးရဲ့ .. အဖွား ၁၆နှစ် သမီးရဲ့အဖိုး အသက် ၂၀မှာ အိမ်ထောင်ကျတာ ဆိုတော့ အခု အဖွားက ၇၆၊ အင်း နှစ် ၆၀ရှိပြီပေါ့သမီးရယ်.. ” လို့ပြန်ဖြေပါတယ်..


“သားသမီးတွေရော ဘယ်နှယောက်ရှိလဲ” လို့မေးတော့ “သား၂ယောက် သမီး၎ယောက်ရှိတယ် သမီးရေ.. အားလုံး အိမ်ထောင်ကျလို့ အဖွားတို့မှာ မြေးတွေချည်း ၂၀ကျော်နေပြီ… အဲ မြစ်တွေတောင် တစ်ချို့အိမ်ထောင်ကျသူ ကျနေပြီလေ” လို့ပြန်ပြောပါတယ်.. အဖွားရဲ့အသံက အရမ်းကို နုညံ့ သိမ်မွေ့တာပါဘဲ.. လေသံလေးကလဲ ချိုချိုအေးအေးလေးနဲ့ .. ကြည့်ရတာ သူ့တစ်သက်မှာ ကြမ်းကြမ်းတမ်းတမ်း စကားတို့ကိုပင် ဆိုခဲ့ဖူးပုံမပေါ်ပါ..


“အဖွားတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာဘဲနော်.. အဖွားတို့အိမ်ထောင်သက်မှာ ရန်တစ်ခါမှ မဖြစ်ဖူးဘူးလား” လို့ မေးမိတော့ အဖိုးက ပြန်ဖြေပါတယ်.. “သူက စိတ်သဘောအရမ်းနုညံ့တယ် သမီးရဲ့.. အဖိုးကတော့ စိတ်နည်းနည်းဆတ်တယ်.. ဒါပေမဲ့ အဖိုးစိတ်ဆိုးမယ်ပြင်ရင် သူက အရင်အလျှော့ပေးလိုက်တော့ ဘယ်တော့မှ ရန်ဖြစ်စကားများတဲ့အဆင့်ကို မရောက်ပါဘူးကွယ်… ”

“သူကလဲ အဖွားအပေါ် ညှာတာတာကိုးသမီးရဲ့.. အဖွားကို စကားကြမ်းကြမ်းတောင် မပြောခဲ့ဖူးတော့ ရန်ဖြစ်တယ်ဆိုတာလည်း ဘယ်ရှိတော့မှာလဲ.. အဓိက ကတော့ နားလည်မှုပေါ့သမီးရယ်.. အဖိုးက အဖွားအပေါ် အမြဲတမ်း နားလည်မှုပေးခဲ့တယ်.. အိမ်ထောင်ဦးစီး ယောက်ျားကောင်းပီသစွာနဲ့ အဖွားကို ဖေးဖေးမမ ကြင်ကြင်နာနာ ရှိတယ်.. အဖွားတို့ မိန်းမတွေရဲ့ စိတ်က ကိုယ့်ယောက်ျားကို အားကိုးတွယ်တာ တတ်တဲ့ စိတ်မျိုးရှိတယ်လေ.. ယောက်ျားလုပ်သူက ကောင်းနေရင် မိန်းမတွေကလဲ အိမ်ထောင်ရှင်မ ကောင်း ပီသဖို့ ဘယ်ဝန်လေးတော့မလဲ သမီးရယ်… ကိုယ်ချစ်လို့ ထူထောင်ထားတဲ့အိမ်ထောင်ရေးကို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ရိုးမြေကျတဲ့အထိ ဖြတ်သန်းချင်တာလေ.. သမီးအဖိုးကလဲ ဒီလိုစိတ်မျိုးဘဲရှိပါတယ်.. ဒီတော့ အဖွားတို့က မချမ်းသာပေမဲ့ ဘ၀ကို နားလည်မှုလေးတွေနဲ့ တည်ဆောက်ကြတော့ စိတ်အေးချမ်းတယ် သမီးရဲ့” အဖွားရဲ့ လေသံအေးအေးလေးက သူ့ရဲ့စိတ်လေးလိုပါဘဲ အေးချမ်းလိုက်တာနော်… သူတို့ပြောတဲ့စကားတွေဟာ အမှန်ဖြစ်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင် ကျွန်မရင်ထဲက ယုံကြည်မိပါတယ်.. သူတို့ရဲ့ စိတ်သဏ္ဍာန်တွေက သူတို့ရဲ့ အပြုအမူ ပေါ်မှာတင်မက မျက်နှာပေါ်မှာပါ ဖော်ပြနေသားဘဲလေ..


“အဖွားတို့အိမ်ထောင်ရေးက သိပ်စိတ်ချမ်းသာစရာ ကောင်းတာဘဲနော် .. အားကျဖို့ကောင်းလိုက်တာ.. အဖိုးရဲ့ နားလည်မှုကို ရထားတဲ့ အဖွားက ကံကောင်းသလို အလျှော့ပေးတတ်တဲ့ အဖွားကို ရတာလဲ အဖိုး ကံကောင်းတာပါဘဲနော်.. ”

ကျွန်မက ပြောလိုက်တော့ အဖွားက ကျွန်မကို ရင်းနှီးခင်မင်စိတ်ကြောင့် ထင်ပါရဲ့.. မေးခွန်းလေးတစ်ခု ပြန်မေးပါတယ်.. “ဒီလိုဆို သမီးကရော သမီးရရှိထားတဲ့အချစ်က ဘယ်လိုအချစ်မျိုးလဲ.. နားလည်မှုပေးတဲ့အချစ်လား.. အလျှော့ပေးတဲ့ အချစ်မျိုးလား၊ အဲဒီအချစ်မှာ သမီးကိုယ်တိုင်ကရော စိတ်ချမ်းမြေ့မှု ရရဲ့လား” တဲ့


ကျွန်မကသာ မေးခွန်းတွေ တောက်လျှောက်မေးလာခဲ့ပေမဲ့ ပြန်မေးလိုက်တဲ့ အဖွားရဲ့ မေးခွန်းမှာ ကျွန်မနှုတ်တွေ ဆွံ့အလို့သွားခဲ့ပါတယ်.. ပြန်ဖြေစရာစကား ရှာမရတာနဲ့ဘဲ ခပ်ပြုံးပြုံးလေးသာ လုပ်နေလိုက်မိပါတော့တယ်… စိတ်ထဲက တီးတိုးလေး ပြောနေမိတာက “သမီးလဲ အဖွားလို ကံကောင်းချင်ပါတယ်.. အချစ်မှာ သာယာချမ်းမြေ့ချင်တာပါဘဲ အဖွားရယ်.. ဒါပေမဲ့…….”


“ကဲ… သမီးရေ.. မမှောင်ခင် အဖိုးတို့ ပြန်လိုက်ဦးမယ်.. ညနေတိုင်း အဖိုးတို့က လမ်းလာလာလျှောက်တယ်လေ.. ဟိုးနားလေးက အိမ်မှာနေတယ်သမီးရေ. ရောက်ရင် ၀င်လာလည်နော်.. သမီးအဖွားက ခုချိန်ထိ အဖိုးကို ဟင်းချက်ကျွေးတုန်း.. သူက ဟင်းချက်သိပ်ကောင်းတာသမီးရဲ့… လာလည်ရင် သမီးကို အဖွားလက်ရာနဲ့ ထမင်းကျွေးမယ်နော်.. ”

အဖိုးက ပြောပြောဆိုဆို တောင်ဝှေးကိုကောက်လို့ အရင်ထလိုက်ပြီး လက်ကလေး ကမ်းလိုက်ကာ အဖွားထနိုင်အောင် ကြင်ကြင်နာနာလေး တွဲထူလိုက်ပါတယ်.. အတွဲခံရတဲ့အဖွားရဲ့ လက်ကလေးတွေကလည်း အဖိုးရဲ့ လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်လို့..

“သမီးလဲ တစ်ယောက်တည်း ဆိုတော့ မမှောင်ခင်ပြန်နော်.. အကြာကြီးမထိုင်နဲ့ မြစ်ပြင်ကလာတဲ့လေက အေးတော့ အအေးမိမယ်.. ဒီဘက်ရောက်ဖြစ်ရင် အဖွားတို့ဆီလဲ လာလည်နော်” လို့ အသံအေးအေးလေးနဲ့ အဖွားက သံယောဇဉ်ကြီးတတ်စွာ ၀င်ပြောလိုက်ပါတယ်..

တစ်ယောက်လက် တစ်ယောက်တွဲပြီး တစ်ရွေ့ရွေ့ ဝေးကွာသွားတဲ့ အဖိုးနဲ့ အဖွားကိုကြည့်ပြီး ခံစားချက်တစ်မျိုးကြောင့် မျက်ရည်စတစ်ချို့ မျက်ဝန်း အိမ်မှာ ရစ်ဝဲ လာမိပါတယ်.. ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်လား.. ဘာအတွက်ကြောင့် ကျတဲ့ မျက်ရည်လဲ ဆိုတာကိုတော့ ကျွန်မကိုယ်တိုင်တောင် ဝေခွဲဖို့ ခက်လှပေမဲ့ နားလည်စာနာမှု၊ အလျှော့ပေးသိတတ်မှု၊ ချစ်ခင်ကြင်နာမှု စသည်တို့ဖြင့် ယှက်ဖွဲ့ထားတဲ့ အဖိုးအိုနဲ့ အဖွားအိုတို့ရဲ့ လေးစား အားကျဖွယ် တူညီသော ချစ်ခြင်း မျိုးကိုတော့ လိုချင် မက်မော လှပါတယ်လေ။ အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စာနာနားလည်မှု၊ ဖေးမကူညီမှု၊ မြတ်နိုးတွယ်တာမှု၊ လေးစား ချစ်ခင်မှုတွေနဲ့ တည်ဆောက် ထားမယ်ဆိုရင် သာယာလှပလို့ ပျော်ရွှင်ချမ်းမြေ့ဖွယ် ချစ်ခြင်းတစ်စုံ ဖြစ်လာမှာတော့ သေချာသားဘဲ မဟုတ်ပါလားနော်။

လူတိုင်းလူတိုင်း တူညီသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်ကြပါစေ..

(အစိမ်းရောင်လွင်ပြင်မှ ကူးယူတင်ပြသည်)

ဆက်ဖတ်ရန်....

နောင်တ မရကြေး

လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်.. အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘ၀မှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ.. ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်…. ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက လူတစ်ယောက် အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်..

၁၉၂၄ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာ ကနူးလှေလှော်ပြိုင်ပွဲကို စပြီးထည့်သွင်းကျင်းပဖို့ ကြော်ငြာပါတယ်.. အဲဒီကနူးလှေပြိုင်ပွဲမှာ ပါဝင်တဲ့ အားကစားသမား လေးယောက် လှော်ရတဲ့ ကစားနည်းမှာမှ အနိုင်ရမယ်လို့ ရေပန်းစား ထင်ကြေးပေး ခံရဆုံး အသင်းက USA အသင်းဘဲ ဖြစ်ပါတယ်.. အဲဒီ ပြိုင်ပွဲဝင်ဦးရေ ၄ယောက်ပါဝင်ယှဉ်ပြိုင်ရတဲ့ ကနူးလှေလှော် အသင်းထဲမှာ ပါဝင်တဲ့ အငယ်ဆုံး အားကစားသမားက ဘီလ် ဟေဗင် ဖြစ်ပါတယ်..

အိုလံပစ်ပြိုင်ပွဲ နီးလာတဲ့အချိန်မှာ တိုက်ဆိုင်တာက ဘီလ်ရဲ့ ဇနီးဟာ ပထမဆုံး သားဦး ကိုယ်ဝန်ကို မီးဖွားဖို့ အဆင်သင့်ဖြစ်နေပါပြီ. သူမ မီးဖွားမဲ့ရက်ဟာလည်း ဘီလ်တို့ ပဲရစ်ကို ပြိုင်ပွဲ သွားဝင်မဲ့အချိန် ဖြစ်နေပါတယ်.. ၁၉၂၄ခုနှစ်အချိန်ဆိုတာ အမေရိကနဲ့ ပြင်သစ်ပြည်တို့ဟာ လေကြောင်းလိုင်းတွေ မရှိသေးတဲ့အချိန် ဖြစ်ပါတယ်.. ပြိုင်ပွဲဝင်ဖို့ သွားမယ်ဆိုရင် သမုဒ္ဒရာကိုဖြတ်လို့ သဘောင်္နဲ့ ရက်အတော်ကြာ သွားရတဲ့ ရေကြောင်းခရီးသာ ရှိပါတယ်.. ဒီတော့ ဘီလ်ခင်မျာ ပြိုင်ပွဲနဲ့ ဇနီး မီးဖွားမဲ့အရေးကြားမှာ ဗျာများပြီး အကျပ်ရိုက်နေရှာပါတော့တယ်.. သူ့ဇနီး သားဦးလေးမွေးဖွားမဲ့အချိန်ကို လစ်လျူရှုပြီး ပြိုင်ပွဲကိုပဲ ဆက်ဝင်ရမလား.. ဒါမှမဟုတ် ပြိုင်ပွဲကို သွားမပြိုင်တော့ပဲ ဇနီးမီးဖွားတာကို စောင့်ဖို့ ပြိုင်ပွဲက နှုတ်ထွက်လိုက်ရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်..

ဘီလ်ရဲ့ ဇနီးကတော့ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ သူ့ကို တွန်းအားတွေ ပေးရှာပါတယ်.. ဘာလို့ဆိုတော့ ဒီအိုလံပစ် ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ခွင့်ရဖို့ဆိုတာဟာလည်း ဘီလ်အမျှော်လင့်ခဲ့ဆုံး စိတ်ကူးအိပ်မက်တစ်ခုလည်း ဖြစ်ခဲ့တာကို သူ့ဇနီးက သိထားပြီးသားပါ။ ဒါကြောင့်လည်း ဘီလ်အတွက် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတာ၊ ခက်ခဲနေတာ ဖြစ်ပါတယ်.. နောက်ဆုံးမှာတော့ အကြိမ်ကြိမ် အဖန်ဖန် သေချာစဉ်းစားပြီး ပြိုင်ပွဲကနေ နှုတ်ထွက်လို့ သူ့မိန်းမ မီးဖွားချိန်မှာ သူကိုယ်တိုင် ဘေးနားမှာ ရှိနေဖို့ကို ရွေးချယ်လိုက်ပါတော့တယ်.. သူ့ဘ၀မှာ သူဘာကို ဦးစားပေး ရွေးချယ်သင့်တယ်ဆိုတာ သူသိပါတယ်.. မွေးလာမဲ့ ကလေးလေးအတွက် သူ့မက်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ဖို့ သူဆုံးဖြတ်လိုက်တာပါ..

သူသွားမပြိုင်ဖြစ်လိုက်တဲ့ ၄ယောက်လှော် ကနူးလှေပြိုင်ပွဲမှာ ဘီလ်မပါဝင်ခဲ့ပေမဲ့ သူတို့ အမေရိကန်နိုင်ငံ အသင်းက ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်.. ဒါပေမဲ့ ဘီလ်ရဲ့ ဇနီးကလည်း ကလေးလေးကို တော်တော်နောက်ကျပြီးမှ မီးဖွားခဲ့တာကြောင့် တကယ်တမ်း ဘီလ်ပြိုင်ပွဲကို သွားပြိုင်ခဲ့မယ် ဆိုရင်တောင် ပြန်လာတဲ့အချိန်နဲ့ ကလေးမီးဖွားချိန်ဟာ အချိန်မှီနိုင်တဲ့ အနေအထားပါ။ လူတွေအားလုံးက ဘီလ်ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ရှက်စရာ ကောင်းတယ်.. ဘီလ် ဆုံးဖြတ်ချက်မှားတယ်လို့ ဝေဖန်ကြပေမဲ့ ဘီလ်ဟေဗင်က “သူ့ဘ၀မှာ ဘယ်ဟာက အရေးအကြီးဆုံးဆိုတာ သူ့ကိုယ်သူသိပါတယ်.. မွေးဖွားလာမဲ့ သူ့သားအတွက်၊ သူ့မိသားစုအတွက် အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်ချင်ပါတယ်.. ရွှေတံဆိပ်ဆိုတာ အခွင့်သင့်ရင် နောက်တစ်ကြိမ်မှာ ရအောင်ယူနိုင်ပေမဲ့ သူ့သားမွေးဖွားချိန်ကို သူ့ဘ၀မှာ နောက်တစ်ကြိမ် ထပ်ကြုံမှာ မဟုတ်တော့ပါဘူး… ဒါကြောင့် သူမှန်တယ်ထင်လို့ စဉ်းစားရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နည်းနည်းမှ နောင်တမရပါဘူး” လို့ပြောပါတယ်..

ဘီလ်ဟေဗင်ရဲ့ စိတ်ဝင်စားစရာ နောက်ဆက်တွဲအကြောင်းအရာက သူ့မိန်းမဟာ သားယောက်ျားလေးကို မွေးဖွားခဲ့ပြီး သားလေးကို ဖရန်ခ့်ဟေဗင် လို့ နံမည်ပေးလိုက်ကြပါတယ်.. နောင်နှစ်ပေါင်း ၂၈နှစ်ကြာလို့ ၁၉၅၂ခုနှစ်ရောက်တဲ့အချိန်မှာတော့ ဘီလ်ဟာ နိုင်ငံရပ်ခြားက ကြေးနန်းတစ်စောင် လက်ခံရရှိပါတယ်.. အဲဒီကြေးနန်းဟာ ၁၉၅၂ခုနှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ ဖင်လန်နိုင်ငံကနေ သူ့သားဖရန်ခ့်က ပို့လိုက်တာ ဖြစ်ပါတယ်… ကြေးနန်းထဲမှာ ပါတာက “ ဒယ်ဒီ…. သား မွေးဖွားမဲ့အချိန်နဲ့ တိုက်နေတာကြောင့် ဒက်ဒီ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရွှေတံဆိပ်ကို သား အရယူလိုက်ပါပြီ.. မကြာခင် ရွှေတံဆိပ်နဲ့အတူ အိမ်ပြန်လာပါတော့မယ်..” ဆိုတဲ့ စာသားတွေဘဲ ဖြစ်ပါတယ်..

ဟုတ်ပါတယ်.. ဖရန်ခ့်ဟာ ကနူးလှေပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့ပါပြီ. သူ့အဖေ အမြဲမက်ခဲ့ရပေမဲ့ သားဖြစ်သူ ဖရန်ခ့်ကြောင့် စွန့်လွှတ်လိုက်ရတဲ့ အိပ်မက်၊ ဖခင်ဖြစ်သူ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်ကို သား ဖရန်ခ့်ကဘဲ အသက်သွင်းပြီး ရွှေတံဆိပ်ကို ဆွတ်ခူးပေးလိုက်တာ ဖြစ်ပါတယ်..

ဒါကြောင့်လဲ ဘီလ်အမြဲပြောတာက “လုပ်သင့်လုပ်ထိုက်တာ တစ်ခုကို လုပ်မယ်လို့ အကောင်းဆုံး ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်တော့မှ နောင်တ မရပါနဲ့တဲ့”

Steve Goodier ရဲ့ No Regrets ကို ဘာသာပြန် မျှဝေပါသည်။
(အစိမ်းရောင်လွင်ပြင်မှ ကူးယူတင်ပြထားသည်)

ဆက်ဖတ်ရန်....

Thursday, April 8, 2010

ဖံႜုလိက်ယိုဝ် မာလောဟ်ဏေ၀်ထါင်



ဖေါဟ်ဍီပႜီး ဍောဟ်ထင်းလင်ခါင့်
အှ်လာၟကျံင် ကိုဝ်ဟှာဍေဆါ်
ခွိက်စိုဝ်္ဘးဃှေဝ် ပ်ုလိက်္ဘႜာ်
လိက်ယိုဝ်မွဲာ ပ်ုဆိုဒ်အ်ုထါ်
လိက်လ်ုအှ် ဆိုဒ်မ်ုလင်္ဘါ်
ပၞာ့္ဘေ့တ္က၀် ထီ့သါ်
ထီ့လ်ုအှ် တ္က၀်လင်ယါ်
ပ်ုဖံႜုယှင်ဖေါဟ် ကိုဝ်အ်ုဟှာ
သှေ်ယာ့လင်သာ ဏ်ုသီးသာ
္ဘေ့တ္က၀်သိုဝ် လ်ုလင်ယါ်
္ဘေ့မ်ုခႜုဂ်ဏေ၀် ပ်ုဖံႜုခါင့်
ဖံႜုလိက်ယိုဝ် မာလောဟ်ဏေ၀်ထါင်။

ဆ်ုကေ၀်လ်ုဝါ် - poison

ဆက်ဖတ်ရန်....

Wednesday, April 7, 2010

ဖႜုံဆိုဒ်ဖေါဟ်ဆ်ုတုင်ၟပါင်



ယှာၟလ်ုဖႜုံတာင်လျဲထ၀ယ် လိက်ထူ့လီ ဍုဂ်ပါင်ယိုင်ဃှဦု(ဃွှယ်)
ဆ်ုဃှီ့ဆ်ုလာ ပ်ုခံင်ၟအယ် ကိုယ်ဟှာဍေ မာလောဟ်လာၟတယ်

လက်ယိုဝ်မွဲာမႝီၟဆိုဒ်္ဘံင် လိက်လ်ုအှ်ဆိုဒ်လ်ုခိုင့်ဏံင်
ဖႜုံဆိုဒ်္ဘံင်္ဘေ့လ်ုဟှာဟှံင်္ဘးကေႜစိုဒ်မာလောဟ်မာဍံင်။

ဆက်ဖတ်ရန်....

Tuesday, April 6, 2010

တယ်လီဖုန်းဖြင့် ချစ်သူ ရှာဖွေခြင်း

ဇာနည်ဝင်း {The Irrawaddy}


သွားလေရာ ကိုယ်နှင့်မကွာ ဆောင်ထားနိုင်သည့် လက်ကိုင် ဖုန်းများက ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများကို ကောင်းစွာ အကျိုးပြုနေသည်။ ထိုတယ်လီဖုန်းများက မြန်မာပြည်သားတို့ ချစ်သူရည်းစား ရှာဖွေရာတွင် အလွန် အသုံးတည့်နေကြောင်း တွေ့ရသည်။

ဘန်ကောက် မြို့အနီး မြန်မာ ပြည်သား များစွာ ရောက်ရှိ နေသည့် မဟာချိုင် ဒေသတွင် တယ်လီဖုန်း အားကိုးဖြင့် ကြင်ဖော် ရသွားသူ အများအပြား ရှိရာ ထိုအထဲတွင် ကျော်စိုးဟု သူ့ကိုယ်သူ မိတ်ဆက်သော မော်လမြိုင် ဇာတိ အသက် ၂၅ နှစ် အရွယ် စက်ရုံ အလုပ်သမား တဦးလည်း ပါဝင်သည်။

“တယ်လီဖုန်းနဲ့ ဆိုတော့ ပိုပြီး ပြောရဲကြတယ်၊ သက်သောင့် သက်သာ ဖြစ်တယ်၊ အပြင်မှာ လူကိုယ်တိုင် ချိန်းတွေ့ပြီး စကား ပြောကြဖို့ ဆိုတာ မလွယ်ဘူးလေ” ဟု ကိုကျော်စိုးက ပြောပြသည်။

ကိုကျော်စိုးသည် လွန်ခဲ့သည့် နှစ်ဆန်းပိုင်း အထိ ပင်လယ် ကမ်းခြေ ပတ္တရားမြို့ရှိ တည်းခိုခန်း တခုတွင် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူငယ်ချင်းများ၏ ကောင်းမှုဖြင့် မဟာချိုင်ရှိ မြန်မာအမျိုးသမီး တဦးနှင့် တယ်လီဖုန်း အဆက်အသွယ် ရသွားသည်။

“ပထမဆုံးတော့ သူငယ်ချင်းတွေ အကြောင်း ပြောတယ်၊ နောက်တော့ သူ့ အကြောင်း၊ ကိုယ့် အကြောင်း၊ လုပ်ငန်းခွင် အကြောင်း ပြောတယ်။ တပတ်လောက် ပြောပြီးတော့ ဖုန်းထဲမှာပဲ ရည်းစား ဖြစ်သွားကြတယ်” ဟု ကိုကျော်စိုးက ရှင်းပြသည်။

တယ်လီဖုန်းလိုင်းမှတဆင့် ၅ လခန့် ချစ်ကြိုးသွယ်ပြီးနောက် ကျော်စိုးက မဟာချိုင်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။ ဆံထုံးနောက် ယောင်ပါပြီး တအိုးတအိမ် ထူထောင်ခြင်း ဖြစ်လေသည်။ လက်ကိုင်ဖုန်း အသုံးပြုရေးမှာ မြန်မာပြည်ကဲ့သို့ ခက်ခဲမည် ဆိုပါက ချစ်သူ ရရေးသည်လည်း ခက်ခဲနေဦးမည်ဟု ကိုကျော်စိုးက ဆိုသည်။

ထိုင်းနိုင်ငံတွင် ဖုန်းနံပါတ်အတွက် Sim Card တခု ၀ယ်ယူရန် လျှောက်လွှာ အဆင့်ဆင့်တင်ပြီး စောင့်ဆိုင်းရန် မလိုအပ်ခြင်းမှာ ၎င်းတို့၏ အချစ်ရေးအတွက် အားသာချက်တခု ဖြစ်နေသည်။ တယ်လီဖုန်းအတွင်း ထည့်ရမည့် Sim Card ကို မြန်မာပြည် ကွမ်းယာဆိုင်များကဲ့သို့ နေရာတကာတွင် တွေ့ရသော တယ်လီဖုန်းဆိုင်လေးများသို့ သွားရောက်ပြီး အလွယ်တကူ ၀ယ်ယူနိုင်သည်။ တန်ဖိုးမှာလည်း တနေ့တာ လုပ်အားခထက် နည်းပါးသည်။

ဈေးသက်သာသည့် တယ်လီဖုန်းတလုံး၏ တန်ဖိုးမှာ ဘန်ကောက်ရောက် မြန်မာအလုပ်သမား တဦး၏ ငါးရက် လုပ်အားခထက် မပိုပေ။ ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး ချစ်သူထံ ပို့လိုသူများက ကင်မရာပါသည့် ဖုန်းကို ရှာဖွေ ၀ယ်ယူကြလေသည်။ ကင်မရာပါသည့် ဖုန်းအတွက် ကုန်ကျငွေက အလုပ်သမားတယောက်၏ တလ၀င်ငွေလည်း ဖြစ်နိုင်သည်။ သို့သော်လည်း နှလုံးသားရေးအတွက် ထိုသို့ ကုန်ကျရခြင်းကို ၀န်လေးကြပုံမရပါ။


ထိုင်းသည် ဖုန်းကုမ္ပဏီကြီးများ အပြိုင်အဆိုင် ဈေးကွက်ရှာသည့် နိုင်ငံ ဖြစ်သောကြောင့် နေရာအနှံ့အပြား တယ်လီဖုန်းလိုင်း အသံကြည်လင် ပြတ်သားမှု ရှိနေသဖြင့် တယ်လီဖုန်းချစ်သူများ အဆင်ပြေစွာ တီတီတာတာ ပြောဆိုနိုင်ကြလေသည်။ ကွန်ပျူတာ အင်တာနက်နှင့် အလှမ်းဝေးသော်လည်း တယ်လီဖုန်းအားကိုးဖြင့် ချစ်သူရည်းစား ရှာဖွေနိုင်သည်။


တယ်လီဖုန်းအားကိုးဖြင့် ရလာသော ချစ်သူကို အလေးအနက်ထားသူ ရှိသကဲ့သို့ အပျော်သဘောဖြင့် ရည်းစားထားသူများလည်း ရှိသည်ဟု အလုပ်သမားများက ပြောပြကြသည်။ ရည်းစား သုံးလေးယောက် တပြိုင်နက်ထားသူလည်း ရှိသည်ဟု ဆိုသည်။

တယ်လီဖုန်းချစ်သူ နှစ်ဦးသည် ဒေသတခုအတွင်း နေထိုင်ပါက ၎င်းတို့၏ အချစ်ရေးမှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည်ဟု ငါးဖမ်းလုပ်ငန်းဖြင့် စည်ကားနေသော မဟာချိုင်ဒေသမှ အလုပ်သမားအရေး လုပ်ကိုင်သူတဦးက ဆိုသည်။

“တယောက်နဲ့တယောက် မဆုံဖြစ်သေးဘူး၊ ဖုန်းထဲမှာတော့ ကြိုက်နေပြီ။ အပြင်မှာ ချိန်းတွေ့ကြတယ်၊ မတွေ့ခင် တနေရာရာကနေ ခိုးကြည့်တယ်။ မချောဘူး ဆိုရင် သွားမတွေ့တော့ဘူး၊ ဖုန်းဆက်လာရင်လည်း မကိုင်တော့ဘူး။ ဒါမျိုးတွေလည်း ရှိတယ်” ဟု ပင်လယ်ပျော်များသမဂ္ဂ မှ ကိုတင်ကိုက ပြောပြသည်။

အလုပ်နားချိန်တွင် ဖုန်းဖြင့် အလုပ်များနေကြသူများကို အမြောက်အမြား တွေ့ရမည်ဟု သူက ရှင်းပြသည်။

မြန်မာပြည်သား အလုပ်သမားများသည် လုပ်ငန်းခွင် ပြင်ပတွင် ကြင်ဖက်ရှာဖွေရန် ခက်ခဲသည်ဟု ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် ကိုရန်ကုန် ဆိုသူ လူငယ်တဦးက ပြောသည်။

“ထိုင်းတွေနဲ့ တွဲဖို့က ဘာသာ စကား အခက်အခဲ ရှိတယ်။ တချို့ဆိုရင် အလုပ်နဲ့အိမ်နဲ့ပဲ အချိန်ကုန်တယ်။ အိမ်ဖော် လုပ်တဲ့သူလည်း အိမ်ထဲမှာပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ဆိုရင် တခြား ရွေးစရာ မရှိဘူး၊ ဖုန်းနဲ့ပဲ ထားကြတယ်” ဟု ကိုရန်ကုန်က ရှင်းပြသည်။

တချို့သော အလုပ်သမားတို့က လုပ်ငန်းခွင်နှင့် အိမ်တွင် အထီးကျန်နေတတ်ပြီး မိတ်ဆွေများနှင့် အဆက်အသွယ် လုပ်ရန် တယ်လီဖုန်းကို အားကိုးရသည်။ မိတ်ဆွေများက တယ်လီဖုန်းဖြင့် အောင်သွယ်ပေးတတ်သည်ဟု ဆိုသည်။

“အလုပ်ထဲမှာ ငါတို့ရွာက သူငယ်ချင်းတယောက် ရှိတယ်၊ သိပ်မိုက်တယ်၊ ပြောမလား၊ ငါ မိတ်ဆက်ပေးမယ်ဆိုပြီး ပြောပေးရာကနေ အဆင်ပြေသွားတာ များတာပဲ” ဟု ကိုရန်ကုန်က ပြောသည်။

ကိုရန်ကုန် ဆိုသည်မှာ သူ၏ အမည်ရင်း မဟုတ်ပေ၊ ရန်ကုန်သားဖြစ်သော သူ့ကို နယ်အသီးသီးမှရောက်လာသည့် မိတ်ဆွေများက ပေးထားသော အမည် ဖြစ်သည်။ ယခု သူ၏ ရည်းစားမှာလည်း မိတ်ဆွေများက မိတ်ဆက် ပေးထားခြင်းဖြစ်သည်ဟု ကိုရန်ကုန်က ရယ်ရယ်မောမော ပြောပြသည်။

ဤသို့ဖြင့် လက်ကိုင်ဖုန်း ပေါများသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား လူငယ် အများအပြားတွင် တယ်လီဖုန်းရည်းစား ကိုယ်စီ ရှိနေကြသည်။ တလလျှင် ဘတ် ၂၀၀ (၆ဒေါ်လာခန့်) အကုန်အကျခံရုံဖြင့် အချိန်ပြည့် ဖုန်းပြောဆိုနိုင်သည့် နည်းလမ်းကိုလည်း သူတို့ သိထားကြသည်။ ဖုန်းကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုက ချစ်သူများ တယ်လီဖုန်းဖိုး ကုန်ကျစရိတ်ကို အဆင်ပြေစေသည်။ တချို့က ဘတ် ၂၀ ဖြင့် တနေကုန် ဖုန်းပြောနိုင်သည့် နည်းလမ်းကိုပင် သိထားကြသည်။

ကလေးတွဲလောင်းနှင့် အိမ်ထောင်ရှင်တချို့ကလည်း လူလွတ် ဟန်ဆောင်ပြီး ဖုန်းဖြင့် ရည်းစားရှာကြသည်ဟု ဆိုသည်။

အလုပ်နားချိန် မတူညီခြင်း၊ နေထိုင်သည့် ရပ်ကွက် မတူခြင်း တို့ကြောင့် ထိုင်းရောက် မြန်မာပြည်သားတို့မှ တယောက်နှင့်တယောက် ဆုံတွေ့ကြရန် ခက်ခဲနေသည်။ အများအပြားမှာ အလုပ်သမား လက်မှတ် မရှိသဖြင့် လုံခြုံရေး အခက်အခဲ ရှိသည်၊ တနေရာမှ တနေရာသို့ သွားလာရန် စွန့်စားရသောကြောင့် အချင်းချင်း ဆုံတွေ့ကြရန် ခက်ခဲသည်။ ဤအခြေအနေများကြောင့် ချစ်သူရည်းစား ရရှိရန်မှာ ပို၍ ခက်ခဲလာသည်။ သို့သော်လည်း တယ်လီဖုန်းက သူတို့၏ နှလုံးသားရေးရာ အခက်အခဲကို ဖြေရှင်းပေးလျက်ရှိသည်။

မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိ ထိုင်းတွင် ရောက်ရှိနေသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ခန့်မှန်းထားကြသည်။ အများအပြားက လက်ကိုင်ဖုန်းကိုယ်စီနှင့် ဖြစ်နေသည်။

ဘန်ကောက်ရောက်နေသူနှင့် ဖူးကက်မြို့ ရောက်နေသူ၊ ချင်းမိုင် (ဇင်းမယ်) ရောက်နေသူနှင့် နယ်စပ်မြို့ မယ်ဆိုင်တွင် ရောက်နေသူတို့ တယ်လီဖုန်းဖြင့် ချစ်ကြိုက်သွားကြသည့် ဖြစ်ရပ်များမှာ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ မဟာချိုင်တွင် အခြေချနေသူ ကိုကျော်စိုးကဲ့သို့ ချစ်သူရှိရာ ဒေသသို့ ပြောင်းရွှေ့နေထိုင်ပြီး တွေ့ကြ ဆုံကြသည်။ ဒေသ တူသူများက အလုပ်နားချိန်တွင် လူငယ်ဘာဝ ချိန်းကြ တွေ့ကြသည်။

စိတ်သဘောထားခြင်း မတိုက်ဆိုင်၍ ကွဲကွာသွားကြသူများ ရှိသကဲ့သို့ ချစ်သူရည်းစားဘ၀မှ အိမ်ထောင်သည်ဘ၀သို့ ပြောင်းလဲသွားကြသူများလည်း ရှိသည်။ သို့ဆိုလျှင် တယ်လီဖုန်းဖြင့် ချစ်ကြိုက်ပြီး သမီးရည်းစားဘ၀မှ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သွားသူ မည်မျှ ရှိမည်နည်း။ ဤမေးခွန်းကို မဟာချိုင်ရောက် ကိုကျော်စိုးက ခေတ္တ စဉ်းစားပြီး ဖြေပါသည်။

ကိုကျော်စိုးက သူ၏ အတွေ့အကြုံ၊ သူ၏ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအပေါ် အခြေခံပြီး “ဆယ်ယောက်မှာ နှစ်ယောက် သုံးယောက်လောက်ကပဲ တကယ် ယူကြတာပါ” ဟု ပြောလိုက်လေသည်။ ။

ဆက်ဖတ်ရန်....

Thursday, April 1, 2010

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း (၁)

´ယဉ်ကျေးမှု` ဟုဆိုလိုက်လျှင် အလွန်တရာကျယ်ပြောနက်နဲသော အဓိပ္ပါယ်များစွာနှင့် ပြည့်နှက်နေသောစကားစုတစ်ရပ်အနေဖြင့် တွေ့မြင်လိုက်ကြပေသည်။ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြသကဲ့သို့ အဓိပ္ပါယ်အမျိုးမျိုးလည်း ဖွင့်ဆိုကြပေသည်။

´ယဉ်ကျေးမှု` ဟူသည် ကိုယ်နှုတ်၊နှလုံး သုံးပါးဖြင့် ယဉ်ကျေးသိမ်မွေ့စွာ သွားလာနေထိုင် ပြောဆိုဆက်ဆံခြင်း ဟူ၍လည်းကောင်း၊ ယဉ်းကျေးမှု ဟူသည် အတိတ်ကာလအမွေအနှစ်များ၏ အထိန်းအကွပ်၊ အနာဂတ်အင်အားသစ်တစ်ရပ်အတွက် အခြေခံခြင်း၊ ယဉ်ကျေးမှု ဟူသည် ပြုစုပျိုးထောင် စောင့်ရှောက်ရမည့်လုပ်ငန်း၊ ယဉ်ကျေးမှု ဟူသည် ရုပ်နှင့်နာမ် ပူးပေါင်းဆက်နွယ်ပြီး တစ်ဦးကို တစ်ဦး မှီတွယ်ပြုနေကြသည်။ မိမိ၏ ရှုထောင့် အသီးသီးမှနေ၍ ခေတ်အဆက်ဆက် တင်ပြဆွေးနွေးခဲ့ကြသည်။


`ဘာသာစာပေအနုပညာသည် ယဉ်ကျေးမှု၏ အဓိကရေသောက်မြစ်´ ဟူ၍လည်းကောင်း၊ ယဉ်ကျေးမှုဟူသည် ရှုသာမြင်သာသော ဓလေ့ထုံးစံ အပြုအမူများ ဖြစ်ပေါ်လာအောင် တွန်းအားပေးသော အခြေအနေ အလေ့အထဖြစ်ပြီး ၄င်းအပြုအမူကို ဖြစ်ပေါ်လာအောင် တွန်းအားပေးခြင်းသည် ယဉ်းကျေးမှုဖြစ်သည်။ ယဉ်ကျေးမှုသည် လူ့ဘောင်လောက၏ အဓိကချည်တိုင်ကြီး ဖြစ်သည်ဟု ခံယူသူလည်း ခံယူကြသည်။ သို့ဖြစ်ရာ ယဉ်ကျေးမှုသည် လူတို့အတွက် အထူးလိုအပ်ကြောင်း သိသာထင်ရှားပါသည်။

လူမျိုးစု (၁၃၅) မျိုးနှင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အသီးသီးရှိကြသည်။ မည်သည့်ဘာသာမဆို ကောင်းသောပြုမူနေထိုင်ပြောဆိုခြင်းကိုပင် အားပေးကြသည်။
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကိုကြည့်လျှင် ယုံကြည်ကိုးကွယ်မှုအစဉ်ဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ နတ်စားသော အယူဝါဒကို ယုံကြည်ကိုးကွယ်သူ စသည်ဖြင့် ကွဲပြားခြားနားမှု ရှိကြောင်းတွေ့ရသည်။

ထို့ကြောင့် ယဉ်ကျေးမှု ကဏ္ဍကို ခွဲခြားကြည့်လျှင်….

(၁)ယုံကြည်ကိုးကွယ်မှု၊
(၂)စာပေနှင့် စကားအုပ်စုများ၊
(၃)ရိုးရာဓလေ့ထုံးစံများ၊
(၄)ထင်ရှားသော ရိုးရာပွဲတော်များ၊
(၅)မျိုးနွယ်စုအလိုက် ၀တ်စားဆင်ယင်မှု၊
(၆)လင်္ကာသီချင်းများ၊
(၇)တူရိယာများ၊
(၈)ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းခြင်း၊
(၉)ရိုးရာယဉ်ကျေးမှုအကများ ဖော်ထုတ်ခြင်း ဟူ၍ ခွဲခြားနိုင်ပါသည်။

တိုင်းရင်းသား လူမျိုးများသည် မိမိလူမျိုးအမည်ဖော်ပြချက်(၉) ချက် သိရှိနားလည်ရုံမက လက်ခံကျင့်သုံးပြီး တိုးတက်အောင်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ တခြားယဉ်ကျေးမှုဓလေ့များကိုလည်း စူးစမ်းလေ့လာသိရှိနားလည်ပြီး ကောင်းနိုးရာရာ လက်ခံအတုယူရမည်ဖြစ်သည်။
သိမှတ်ဖွယ်များအနေဖြင့် ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုကဏ္ဍကို အပိုင်းခွဲ၍ တင်ပြလိုပါသည်။

(၁) ယုံကြည်ကိုးကွယ်မှု၊
(၂) ၀ိညာဉ်လိပ်ပြာနှင့် တောစောင့်တောင်စောင့်နတ်များအား ယုံကြည်ခြင်း၊
ဝိညာဉ်လိပ်ပြာကို ပိုးကရင်ဘာသာဖြင့် ´အ၀ီးအလာ`၊ စကောကရင်ဘာသာဖြင့် ´ကလာ`၊
ဘွဲကရင်ဘာသာဖြင့် `ကလယ်´ ဟုခေါ်ပါသည်။ လိပ်ပြာခေါ်ခြင်း၊ လိပ်ပြာနှင်ခြင်းတို့ကို ကရင်လူမျိုးအများစုမှာ ယနေ့တိုင် ယုံကြည်နေဆဲ ဖြစ်သည်။စကောကရင်အချို့ စကြာဝဠာအားလုံးကို ဖန်ဆင်းသော `ယွာ` အား ကိုးကွယ်ကြသည်။ နတ်ကို အချို့က တန်ခိုးရှင်အနေဖြင့် ယုံကြည်ကြသည်။ ယုံကြည်မှုအရ (တန်ခိုးရှင်) ကို ပထမတန်းစားနတ်အဖြစ် ကိုးကွယ်ကြသည်။

ပထမတန်းစားနတ်များမှာ…

(၁) မူဟား၊ (၂) ထီးကဆာကော်ကဆာ၊ (၃) မူကော်လီ(မာန်နတ်)၊ (၄) ဖီးဘီးယော်၊ (၅) ခူးသေ (၆) ကာကွယ်
ဟူ၍ ယုံကြည်ရာကိုလိုက်ပြီး ပသမှုပြုကြသည်။

ဒုတိယနတ်သရဲများမှာ…..

(၁) တရဲ့တခါ၊
(၂) တာမူဟား၊
(၃) တာကယာ ဖြစ်ပြီး ၀ဋ်မကျွတ်သော နတ်များဖြစ်သည်။

တတိယနတ်များမှာ…..

(၁) မော်ယာ၊
(၂) ပသို၊
(၃) လော်၊
(၄) ဘားနား၊
(၅) ဒေါ်တကား နတ်များဖြစ်ပြီး ကောင်းကျိုးနှင့် ဆိုးကျိုးများကို ပေးတတ်သောနတ်များဖြစ်သည်။
ကရင်ပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်ရှိ ဂဲခိုနှင့် ပဒေါင် (ကယန်း) များတွင်လည်း အောက်ပါနတ်များ ပူဇော်ပသမှုပြုကြသည်။
(၁) က၊
(၂) လူ၊
(၃) ကန်၊
(၄) မော်ခီး၊
(၅) တရာနာ၊
(၆) တကာဒေး၊
(၇) တဒွန်ဟိန်ခေါင်၊
(၈) တနဲနောခု၊
(၉) တာ နတ်များတို့ဖြစ်ကြသည်။စပါး ရိတ်သိမ်းချိန်တွင် ပူဇော်ပသခြင်းကို ပြုကြသည်း။စပါး အထွက်တိုးခြင်း၊ လာဘ်လာဘရွှင်သည်ဟု ယုံကြည်ကြသည်။

ဒူဝေရိုးရာနတ်

ဒူဝေကို ရိုးရာနတ်အဖြစ် ယခင်က သတ်မှတ်ပူဇော်ကြသည်။ ဇွဲကပင်တောင်ခြေရှိ ကရင်လူမျိုးများ ရှင်ပြုသည့်အခါ၊ ခရီးဝေးထွက်သည့်အခါ၊ မင်္ဂလာဆောင်သည့်အခါ ဒူဝေစေတီသို့ သွားရောက်၍ ကန်တော့ကြသည်။ဒူဝေစေတီတွင် နတ်ဆရာကြီးသည် ရိုးရာဓလေ့နှင့်အညီ ဆုတောင်းမေတ္တာပို့ခြင်းများ ပြုလုပ်ပေးကြသည်။
အမှန်စင်စစ်အားဖြင့် `ဒူဝေ´ နတ်သည် နတ်မဟုတ်ပါ။ဗုဒ္ဓဘာသာဝင် ပိုးကရင်အချို့က ယုံကြည်ကိုးကွယ်မှုတစ်ရပ်သာ ဖြစ်သည်။ ဒူဝေစေတီသည် မင်္ဂလာဆောင်ကြမည့် သတို့သား၊ သတို့သမီးများ၏ သစ္စာပြုရာ၊ တိုင်တည်ရာသစ္စာတိုင် ဒူဝေစေတီတော်သာဖြစ်သည်။ နတ်ဆရာကြီးဆိုသည်မှာလည်း တစ်နည်းအားဖြင့် ဘိသိက်ဆရာနှင့် ခပ်ဆင်ဆင်ဖြစ်သည်။

မင်္ဂလာမောင်နှံအား ဆုံးမသြ၀ါဒစကား၊ ချီးမြင့်ပေးပြီး စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုပ်ငန်းအထွေထွေ တိုးတက်ကောင်းမွန်အောင် နည်းလမ်းညွန်ပြပေးခြင်းသာ ဖြစ်သည်။ အချို့မှာ ရိုးရာနတ်အဖြစ် သတ်မှတ်ယုံကြည်ဆဲ ဖြစ်သည်။တချို့ဗုဒ္ဓဘာသာဝင် ပိုးကရင်များသည် ပန်းနတ်ကို ကိုးကွယ်ကြသည်။ တန်ခူးလနှင့် သီတင်းကျွတ်လတွင် ပန်းနတ် ကန်တော့ခြင်း၊ နတ်စားခြင်းများ ပြုလုပ်ကြသည်။ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအချို့တွင် ပန်းနတ်ကို ကိုးကွယ်ကြသည်။ ဥဒေါင်းကျေးရွာ၊ ၀ဲကရင်ကျေးရွာ၊ ဒွန်သရောင်ရွာများတွင် အများဆုံး ကိုးကွယ်ကြသည်။

ဆက်လက်ဖော်ပြပါဦးမယ်…။
စောအောင်သိန်း
Labels: article

ဆက်ဖတ်ရန်....

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP