-->

Monday, November 30, 2009

ကရင်အမျိုးသားအလံတော်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေး



ကရင်အမျိုးသား အလံတော်ဟာ နက်ရှိင်းသော အဓိပ္ပါယ်ရှိပြီး ကြီးမားသောမျှော်လင့်ချက်နှင့်ရည်မှန်း ချက်များလည်းရှိပါတယ်။ အလံဆိုသည်မှာ အဖွဲ့အ စည်း၏ကိုယ်စား၊ လူမျိုးတမျိုး၏အသက်ကို ကိုယ်စား ပြုခြင်းသင်္ကေတ အမှတ်အသား တစ်ခုလည်းဖြစ်ပါ တယ်။ ကရင်လူမျိုးတို့အတွက် မရှိမဖြစ် အလွန်အရေး ကြီးလှတဲ့အမှတ်အသားတစ်ခု ဖြစ်ပါတယ်။ ကရင် အမျိုးသားအလံတော်ဟာ အခြားလူမျိုးတို့က၊ အသိ အမှတ်ပြုတာကို ကရင်အမျိုးသားတွေက ဂုဏ်ယူစရာဖြစ်ရပါတယ်။

(၁၈၈၁)ခုနှစ်တွင် ဒေါက်တာတီသံပြာဟာ ကရင်အမျိုးသားအဖွဲ့တစ်ဖွဲကို တည်ထောင်ဖွဲ့စည်းခဲ့ပြီး ၄င်းအဖွဲမှာ သူက ကရင်အမျိုးသားအဖွဲ့၏ ပထမဦးဆုံးသော သဘာပတိဖြစ်ပါတယ်။ ဒေါက်တာတီသံပြာ သဘာပတိဖြစ်ပြီးတဲ့နောက် (၁၉၃ဝနှင့် ၄ဝ)ခုနှစ်ကြားမှာ သာယာဝတီမြိုနေဆရာစံဘော်က၊ ကရင်အမျိုးသားအဖွဲ့ သဘာပတိတာဝန်အဖြစ် ထမ်း ဆောင်ခဲ့ပါတယ်။ ဆရာစံဘော်က၊ ကရင်အမျိုးသားအဖွဲ့ သဘာပတိတာဝန် ထမ်းဆောင်တဲ့အချိန်မှာဘဲ လွှတ်တော် အစည်းအဝေးထဲမှာ ကရင်နှစ်သစ်ကူးနေ့၊ ကရင်အလံ၊ ကရင်အမျိုးသားသီချင်း၊ ပေါ်ပေါက်လာဖို့အတွက် ကရင်ခေါင်း ဆောင်ကြီးများနဲ့အတူ လွတ်တော်အစည်းအဝေးမှာ ဤအခွင့်အရေးများ ပေါ်ပေါက်လာရန်အတွက် တညီတညွတ် တည်းတိုက်ပွဲဝင်တောင်း ဆိုခဲ့ကြပါတယ်။ ကရင်အစည်းအရုံး Karen National Association ဖြင့်ခေါ်ဝေါ်ခဲ့ပါတယ်။ ကရင်လူ မျိုးများအားလုံး ဒီအဖွဲ့ထဲမှာ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခဲ့ကြပါတယ်။

ခေါင်းဆောင်ကြီးတို့ရဲ့ ရည်ရွယ်ချက်က ကရင်အမျိုးသားများဟာ မိမိတိုအလံတော်ရှိ လာရန်အတွက် လွှတ်တော် အစည်းအဝေးထဲမှာ(၁၉၃၅)ခုနှစ်ကရင်တမျိုးသားလုံးနဲ့ ထိုက်တန်တဲ့ကရင့်အလံတော်ကိစ္စကို တင်သွင်းပြီးမဲခွဲဆုံးဖြတ် ခဲ့ကြပါတယ်။
အစည်းအဝေးပြီးတာနဲ့တပြိုင်တည်း ကရင်အလံပုံစံကို ပြိုင်ပွဲတစ်ရပ်အနေဖြစ် အပြိုင်အဆိုင်ရေးဆွဲကြရန် ကြေညာစာများနှင့် သတင်းစာထဲမှာပါ ထည့်သွင်း ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကရင်အလံပုံစံရေးဆွဲကြရန် တောင်းဆိုဆော်သြပန် ကြားလိုက်တယ်။ ပြိုင်ပွဲဆုကိုလည်း ထိုက်ထိုက်တန်တန်ပေးမယ်လို့ ကြေညာ ချက်ထဲမှာ ထည့်သွင်းဖေါ်ပြထားပါသေးတယ်။
ဤပန်ကြားချက်ဟာ မကြာခင်အတောအတွင်းထဲမှာပဲ ပြည်တွင်းမှာနေထိုင်ကြတဲ့ ကရင်လူမျိုးအများအပြား အလံတော်ပုံစံအခုတစ်ရာကျော် တင်ပို့လာခဲ့ကြပါတယ်။ ထိုအလံတော်ပုံစံအခုတစ်ရာကျော်အနက် အလံပုံစံ(၁၂)ခုကို ရွေးချယ်သတ်မှတ်ပြီး အလံ(၁၂)ခုထဲမှာ (၃)ခုထပ်မံရွေးချယ်လိုက်ပြန်ပါတယ်။ ရွေးချယ်ခံရတဲ့အလံ (၃)ခုမှာ အလံပုံစံရေးဆွဲတဲ့သူ ပထမဆုရရှိတဲ့ (မန်းဘခင်) (ဘီအေ) ကရင်အမျိုး သားအဖွဲ့ကစာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။
သူတီထွင်တဲ့အလံတော်ဟာ ကရင်လူမျိုးများတိုရဲ့အမြတ်တနိုးထားသော ဖါးစည်တစ်လုံး ပါရှိပါတယ်။ သူကဖားစည်ရဲ့ အဓိပ္ပါယ်ကိုဖေါ်ပြရာမှာ (က)ရှေးခေတ်ကရင်လူမျိုးများရဲ့အိမ်တိုင်းမှာ ဖါးစည်ကိုလက်နက်သဖွယ်ဆောင် ထားကြပါ တယ်။ (ခ)ကရင်လူမျိုး များဟာ ဖါးစည်ကိုအသက်သမျှရိုသေ တန်ဖိုးထားကြပါတယ်။ သက်ရှိသောအရာတစ်ခုအဖြစ် သတ်မှတ်ထားတာ ကြောင့် ဖါးစည်တစ်လုံးလိုမခေါ်ဆိုဘဲ ဖားစည်တစ်ခုအဖြစ် အသိအမှတ်ပြု ခေါ်ဆိုခဲ့ပါတယ်။

ဒုတိယဆုရရှိခဲ့တဲ့ တောင်ငူကဆရာမိုးလိုရဲ့ ရေးဆွဲသောအလံ အဓိပ္ပါယ်ဖေါ်ပြချက်မှာ တက်သစ်စနေဝန်းအမှတ်အသား တစ်ခုဖြစ်တယ်။ သူ၏ဖေါ်ပြချက်မှာ (က)တက်သစ်စနေဝန်းဟာ နေ၏အလင်းရောင်ကို ကမ္ဘာပေါ်ရှိကရင်လူမျိုးများတို့ရဲ့ တိုးတက် ထွန်းလင်းတောက်ပစေရန် ဖြစ်ပါတယ်။ (ခ)နေရောင်ခြည်ဟာ ကြောက်စိတ်ကိုဖယ်ရှားခြင်းဖြစ်တယ်။ ဥပမာ အိမ်ထောင်တစ်ခုအတွင်းမှာ အိမ်သူအိမ်သား တစ်ယောက်ကနေမကောင်းဖျားနာနေလျှင် အခြားသောအိမ်သား တစ်ဦးဦးကလူနာသည်အတွက် စိုးရိမ်ကြောက်ကြနေသည့်အတွက် မိုးမြန်မြန်လင်းစေချင်ပါတယ်။ ညဘက်မှောင် ချိန်ရောက်လျှင် ကြောက်စိတ်တွေ ခံစားနေရသည့်အတွက် နံနက်နေရဲ့အလင်းရောင်ပေါ်လာတဲ့အခါ ကြောက်စိတ် ကို ဖယ်ရှားစေပါ တယ်။ (ဂ)နေရဲ့အလင်းရောင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအရာဝတ္ထုများအားလုံး အသက်ရှင်ခြင်းကို ပေးစွမ်းနိုင်တယ်။ ကမ္ဘာပေါ်ရှိ လူသားများအားလုံးလည်း နေရောင်ခြည်အားကို လိုသလိုအသုံးပြုခဲ့ကြပါတယ်။ ဆရာဝန်များကလည်း လူနာကို နေလှမ်းပြီး ကျန်းမာစေသလို နေရောင်ခြည်ရဲ့အကျိုးကျေးဇူးများလည်း ရရှိပါတယ်။

တတိယဆုရရှိတဲ့ ဒေါက်တာဘစောဒွေးရေးဆွဲတဲ့ ကရင်အလံတော်ပုံစံမှာ ဆင်ဖြူတော် အရုပ်အမှတ်အသားပြုခဲ့ ပါတယ်။ ဖားစည်ရဲ့အပေါ်မှာလည်း ဆင်အရုပ်ပါရှိနေပါတယ်သူရဲ့အဓိပ္ပါယ်ဖေါ်ပြချက်မှာ ဆင်ဖြူတော်ဟာတန်ဘိုးရှိပြီး မြင့်မြတ်တဲ့ ရာတနာတစ်ခု ဖြစ်ပါတယ်။

ကရင်အစည်းအရုံးအတွင်းရေးမှူး မန်းဘခင်ဦးဆောင်ပြီးတော့ ကရင်အလံ(၃) ခုပေါင်းကာ တစ်ခုတည်းအတည်ပြုပြီး ကရင်အမျိုးသားအဖွဲ့ထံသို‹တင်သွင်းခဲ့ပါတယ်။ ၄င်းနောက် ကရင်အမျိုးအဖွဲ့က ဤအလံတော်ကို အတည်ပြုခဲ့သည်။ ကရင်အလံတော်မှာ အရောင်(၃)မျိုးရှိပါတယ်။ အနီ၊အဖြူ၊ အပြာ ရောင်နှင့် နေဖြာရောင်ခြည်(၉)ခုလည်းပါဝင် ခဲ့ပါတယ်။ ကရင်အလံတော်(၃) ခုကို ပေါင်းစည်းခဲ့တဲ့ မန်းဘခင်က ကရင်အလံတော်ရဲ့အဓိပ္ပါယ်ဖေါ်ပြရာမှာ
(က) အနီရောင်ဆိုသည်မှာ- ရဲရင့်ပြတ်သားခြင်းသတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း။
(ခ) အဖြူရောင်ရဲ့ဓိပ္ပါယ်မှာ - ဖြူစင်ခြင်းနှင့်သန့်ရှင်းစင်ကြယ်ခြင်း။
(ဂ) အပြာရောင်ရဲ့အဓိပ္ပါယ်မှာ - ဖြောင့်မတ်တည်ကြည်ခြင်းနှင့် ငြိမ်းချမ်းသာယာခြင်းတို့ဖြစ်ပါတယ်။
(ဃ) တက်သစ်စနေဝန်း၏နေရောင်ခြည်(၉)ခုမှာ- ကရင်လူမျိုးတို့ရဲ့ နေရပ်ဌာနီကို ဖေါ်ပြခြင်း၊ ဘဝတိုးတက်မှုနှင့် သာယာငြိမ်းချမ်းမူဖြစ်ပါတယ်။
(င) ဖားစည်၏အဓိပ္ပါယ်မှာ – စည်းလုံးညီညွတ်မှုအမှတ်အသားနှင့် ရိုးရာယဉ်ကျေးမူ ၊ တန်ဖိုးရှိ သောပိုင်ဆိုင်မူတို့ဖြစ်ပါ တယ်။

ကရင်နှစ်သစ်ကူးနေ့ ကျင်းပတဲ့နှစ်တနှစ်တည်း မြန်မာသက္ကရာဇ်(၁၂၉၉) ခရစ်သက္ကရာဇ် (၁၉၃၈)ခုနှစ်ကရင်သက္ကရာဇ် (၂၆၇၇)ခုနှစ်မှာ ကရင်နှစ်သစ်ကူးပထမဦးစွာ ကျင်းပခဲ့သည့်နေ့မှာ ကရင်အမျိုးသားအလံတော်ကို ၄င်းနှစ်သစ်ကူးနေ့ မှာပဲ အလံတိုင်ပေါ်သို့ လွှင့်ထူခဲ့ပြီး ကရင်အမျိုးသားများတို့က စည်းလုံးညီညွတ်စွာ ဦးညွတ်၍ အလေးပြုခဲ့ကြပါတယ်။

(၁၉၃၆)ခုနှစ်မှာ ဗြိတိသျှတပ်မှ ကရင်စစ်ဘက်ခေါင်းဆောင်တို့က၊ ကရင်အမျိုးသားအလံပေါ်တွင်ရှိသော ဖားစည်၏ အောက်မှာကဒိုးနှစ်ခုအထိမ်းအမှတ် ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ ဤသင်္ကေတ အမှတ်အသားပါသော အလံကို အင်္ဂလိပ် အစိုးရထံတရားဝင် တင်ပြခဲ့ပါတယ်။ ကရင့်အမျိုးသားအလံဟာ (၁၉၄၉)ခုနှစ်ဇန္နဝါရီလ(၃၁)ရက်နေ့မှာ ကရင့်လက်နက် ကိုင်တော်လှန်ရေး ပေါ်ပေါက်လာတဲ့အခါမှာ တောတွင်းကရင့်လက်နက်ကိုင်အလံဟု (ဖဆပလ) အစိုးရအဖွဲ့ထဲမှ အချို့ လူတွေကစွပ်စွဲပြောဆိုကြပြီး ကရင်အမျိုးသားအလံကို အစိုးရက သုံးစွဲခွင့်မပြုတော့ပါ။ သို့သော်လက်နက်ကိုင်တော် လှန်ရေးမလုပ်သော ကရင်အမျိုးသားအဖွဲ့ ခေါင်းဆောင်ဖြစ်ကြသောဆရာသာထို–ဆရာမန်းဂျိမ်းထွန်းအောင် ကရင် လူကြီးစောဘဲလေတို့က၊ ကရင်နှစ်သစ်ကူးကို ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့အခါမှာ ကရင်အလံတော်ကိုရဲရဲဝံ့ဝံ့ ပြန် လည်၍ လွှင့်ထူခဲ့ပါတယ်။

(၁၉၆၃)ခုနှစ်–မူးဆိုးကော်ကစာ စောဟန်တာသာမွှေးအား ကရင်အလံတော်ကို ဖြန့် ဝေခဲ့ပါတယ်။ (၁၉၇၁)ခုနှစ်မှာ စောစံ ဖိုးသင်လည်းထိုနည်းတူစွာ ကရင်အလံတော် ကိုထုတ်ဝေခဲ့ပြန်ပါတယ်။ ယခုအသုံးပြုနေသောအလံဟာ ရှေးခေတ်က၊ကရင် ခေါင်းဆောင်ကြီးများ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် ဤအလံတော် သည် နက်ရှိုင်းသောအဓိပ္ပါယ်ရှိပြီး ဂုဏ်ကျက်သရေလည်း ပြည့်ဝပါသည်။ ထို့ ကြောင့် ကရင်အမျိုးသားများအားလုံး ဆက်လက်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ နောင်လာနောင်သား ကရင်အမျိုးသားထု တစ်ရပ်လုံးက မိမိတို့ရရှိထားတဲ့ ဒီအခွင့်အရေးကိုမပပျောက်မဆုံးရှုံးရအောင် ကရင်တိုင်းမှာ ထိမ်းသိမ်းကာကွယ်ရန် တာဝန်ရှိပါတယ်။

ယခုမျက်မှောက်ကာလမှာ တောင်ပေါ်ဒေသမြေပြန့်ဒေသနှင့် ရေမြေရပ်ခြားနေထိုင် ၍ပြန့် ကျဲနေကြသောကရင်လူမျိုးတို့ဟာ ဘာသာအယူအဆ ကွဲပြားခြားနားသော်လည်း ရိုးရာပွဲတော်များဖြစ်သည့် ကရင်နှစ်သစ်ကူး၊ ဝါခေါင်လပြည့် ချည်ဖြူ ဖွဲ့ပွဲ၊ နှစ်ဦးကောက်သစ်စားပွဲ၊ အစည်းအဝေးပွဲ၊ ယဉ်ကျေးမှုပွဲတော် စသဖြင့် ကျင်းပပြုလုပ်သည့်အခါတိုင်း အမျိုးသား အလတော်ကို လွှင့်ထူခဲ့ကြပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကရင်လူမျိုးတို့၏ယခုမျက်မှောက်ကာလမှာ တစုတရုံးတည်း အတူတကွ နေထိုင်ခွင့်မရခဲ့ပါ သို့သော် ကရင်အမျိုးသားရဲ့အလံတော်အောက်မှာ စိတ်ဝမ်းကွဲပြားမှုမရှိတာကို တွေ့ရပါတယ်။ ရပ်နီးရပ်ဝေး ဘာသာ အယူအဆ ကွဲပြားခြားနားမှုရှိသော်လည်း ဒီဇင်ဘာလ(၁၆)ရက်နေ့မှ ကျရောက်မည့်(၇၂)ကြိမ်မြောက် ကရင်နှစ်သစ် ကူးနေ့မှာ တစ်ခုတည်းသော အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်ခြင်း ဖွံ့ဖြိုးတိုးတက်ခြင်း ကြွယ်ဝချမ်း သာခြင်း၊ ငြိမ်းချမ်းသာယာသောဘဝကို မျှော်မှန်းကြပါတယ်။

ထို့ကြောင့် ကရင်အမျိုးသားအလံဟာ အရေးကြီးသော အမှတ်အသားတစ်ခု ဖြစ်ခြင်းကြောင့် ကွဲပြားပြန့်ကျဲနေသော အဖွဲ့အစည်းများကို အလံတော်က စုစည်းညီညွတ်စေပြီး အင်အားဖြစ်စေပါတယ်။ ထိုအင်အားမှတစ်ဆင့် ရုန်းကန်မှု အဖြင့်သို့ ရောက်ရှိကာ လွတ်မြောက်သောဘဝသို့ ရောက်ရှိမည်ဖြစ်ပါတယ်။

ဝင်းရော် စောထဲနေ

ဆက်ဖတ်ရန်....

Saturday, November 28, 2009

ကရင်၏ မူလဇာစ်မြစ် (၃)



မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ၏ ထူးခြားချက်မှာ သမိုင်း သုတေသီနှင့် ပညာရှင်အများက လူမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှု စတင်ရာဒေသ Cradle of Civilization နှင့် လူမျိုးပေါင်းစုံတို့၏ မြေပုံ Dust heap of the nations ဟု အသိအမှတ်ပြု ထားသောကြောင့် ဖြစ်သည်။ (Lands and peoples vol III, The grower society) page 217, In the garden of Eden, Mesopotamia, … has been called the Cradle of cilivation “because here the humen race is thought to have had its beginning and it has also been formed the dust heap of the nations” because the ruins of mighty empires or ancient times are buried under its sunbaked soil.)

ကမ္ဘာဦးကျမ်းတွင်လည်း လူကိုစတင်ရာ “ဧဒင်ဥယျာဉ်” ဆိုသည်မှာလည်း ဤဒေသကို ဖော်ညွှန်းလျှက် ရှိသည်။

အထက်တနေရာတွင် ဖော်ပြထားသကဲ့သို့ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည့် အသားဖြူ လူမျိုးတို့သည် ဤဒေသနှင့် ဤပတ်ဝန်းကျင်တွင်ပင် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်းတူ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်ကြသော ယဉ်ကျေးသည့် မွန်ဂို အသားဝါ လူမျိုးနွယ်များကိုလည်း ဤဒေသတွင်ပင် တွေ့ရသည်။ (Pratical knowledge for all by Sir John Hammerton, page 67, The begeinning of history, 1st column, While on the lower Euphreates there are another group doscribed as Mongolian.)

ထူးခြားသည်မှာ ဤမွန်ဂို လူမျိုးများသည် ယူဖရေးတီးမြစ်၏ အောက်မြစ်ဝပိုင်း (Lower euperates) တွင် အခြေချခြင်း ဖြစ်သည်။ မြစ်ညှာပိုင်းနှင့် မြစ်ဝပိုင်းကို နှိုင်းယှဉ်ကြည့်ပါက မြစ်ဝပိုင်းသည် နှုန်းမြေများရှိ၍ မြေသြဇာ ကောင်းသဖြင့် စိုက်ပျိုးမွေးမြူရေး ပို၍ အောင်မြင်မည်သာ ဖြစ်သည်။ မြေသြဇာ ကောင်းသော နေရာကို နေရာယူထားခြင်းသည် အခြားသူများထက် စောစွာရောက်ရှိခြင်း (သို့) အခြားသူများထက် အင်အားကောင်းခြင်းဟု အဓိပ္ပါယ် ယူရန်ရှိသည်။ ထိုနေရာတွင် အခြေချသော မွန်ဂို အသားဝါများသည် မလွဲမသွေ ယဉ်ကျေးလာရမည်သာ ဖြစ်သည်။

ရှေးရှေးအခါက အာရှအလယ်ပိုင်း စတက် (Steppeg) မြက်ခင်းကျယ် တပြင်တခွင်တွင် သွားလာနေထိုင်သော မွန်ဂိုအနွယ်သည် မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသသို့ ယဉ်ကျေးလာ၍ ရောက်လာခြင်း မဟုတ်ဘဲ ရောက်လာပြီးမှ ယဉ်ကျေးသူများ ဖြစ်နိုင်ပါသည်။ တိရိစ္ဆာန်များကို အာရှတိုက် အလယ်ပိုင်းတွင် မွေးမြူခဲ့ကြမည် ဖြစ်သော်လည်း အတည်တကျ မနေခဲ့သဖြင့် စိုက်ပျိုးရေးလည်း လုပ်နိုင်ခဲ့မည် မဟုတ်ပေ။ ယခုမူ ယူဖရေးတီး၏ မြစ်ဝပိုင်း မြေသြဇာ အကောင်းဆုံး နေရာသို့ ရောက်ရှိလာပြီးဖြစ်၍ ယဉ်ကျေးမှုသည်လည်း တိုးတက်လာရမည်မှာ ဓမ္မတာပင် ဖြစ်သည်။

မွန်ဂို လူမျိုးတွင် မျိုးနွယ်စုများကို လေ့လာသောအခါ …
၁။ တာတာ (Tartar)
၂။ နေမဲန် (Naimans)
၃။ ခါဂစ် (Kirghiz)
၎။ ၀ီဂူးဝါး (Uighurs)
၅။ ဟန်း (Huns)
၆။ ကစ်ပ်ကက် (Kipchaks)
၇။ ကရေ (Karaits) စသဖြင့် သိရသည်။

ဤမွန်ဂိုအနွယ်များထဲတွင် ကရင်၏ အမည်နှင့်တူသော ကရေ (Karaits) ဖြစ်ပါသည်။ ကရင်သည် မွန်ဂို အနွယ်ဝင် ဖြစ်သည်။ ထို့ပြင် ကရင်သည် မျိုးနွယ်စုကြီး တစု ဖြစ်ကြောင်းကို အရှေ့တောင် အာရှတွင်ရှိသော နိုင်ငံများ၌ ပျံ့နေသော ကရင်လူမျိုးများနှင့် လူဦးရေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ ကရင်လူမျိုးသည် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသော နိုင်ငံများ၌ အများအပြား ရှိကြသည်။

ကရင်သည် မြန်မာနိုင်ငံ အတွင်း၌လည်း လူနည်းစု မဟုတ်ဘဲ လူများစု ဖြစ်ပါသည်။ လူနည်းစုဟု သတ်မှတ်ခံရခြင်းမှာ ကရင်မျိုးနွယ်ခွဲများ ဥပမာ - ပဒေါင်၊ ကရင်နီ၊ ပအိုဝ့်၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ လားဟူ စသည့် ကရင်မျိုးနွယ်ခွဲများကို ထည့်မပေါင်းဘဲ ခွဲထားသောကြောင့် နည်းနေရခြင်း ဖြစ်ပါသည်။

မွန်ဂို အနွယ်များကို တနွယ်စီ လေ့လာပါက …
၁။ တာတာ သည် ဂျင်ဂစ်ခန်၊ ကူဗလိုင်ခန်နှင့် နောက်လိုက်နောက်ပါများ ဖြစ်ကြပြီး ယခု တရုတ်ပြည်မတွင် တရုတ်လူမျိုးများနှင့် ရောနှောသွားသည်။
၂။ နေမဲန် သည် အာရှ အလယ်ပိုင်း၌ ရှိသည်။ (History of the world by Weech, 2nd edition, page 285)
၃။ ခါဂစ် သည် ဆိုဗီယက် ပြည်ထောင်စု တာကစ်စတန်နယ်တွင် ရှိသည်။ (Lands and peoples, vol 3, page 169)
၎။ ၀ီဂူးဝါး သည် တရုတ်ပြည် တိအန်ရှန် တောင်တန်း ၀န်းကျင်တွင် ရှိသည်။ (China pictorial 4/1985, page 12)
၅။ ဟန်း သည် ယခု ဟန်ဂေရီ နိုင်ငံ၌ နေထိုင်လျှက် ရှိသည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄၊ က ၄၉ - ၅၁ - ၆၅)
၆။ ကစ်ပ်ကက် သည် ဆိုဗီယက် ပြည်ထောင်စု ကော့ကေးရှ တောင်တန်းနှင့် ကပ်စပီယံ ပင်လယ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်ဟု ယူဆရသည်။ (History of the world by Weech, 2nd edition, page 286)
၇။ ကရေ။ မာကိုပိုလို ခရီးသွားမှတ်တမ်း (The travels of Marcopolo, edited by Thomas Wright, MA. FRS.) (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်) အခန်း ၃၉ - တ - ၂၃၄ တွင် ကရင်လူမျိုးများသည် ယူနန်နယ်၌ နေထိုင်ကြောင်း၊ နယ်ကြီး ၇ နယ်ခွဲ၍ အုပ်ချုပ်ရကြောင်း၊ မြို့တော်မှာ ယာချိ (Yachi) ဖြစ်ကြောင်း၊ ကရင်၏ အမည်ကိုလည်း ကရေရင် (Karaian - Karaianer) ဟု ရေးသားထားသည်ကို တွေ့ရသည်။ Judson of Burma by Professor B.R. Fearn စာ ၇၉ တွင်လည်း ကရင်၏ အမည်ကို ကရေရင် ဟု ရေးသား ဖော်ပြ ထားသည်ကို တွေ့ရသည်။ ၎င်းပြင် Professor Fearn ကဲ့သို့ လည်းကောင်း၊ မာကိုပိုလို မှတ်တမ်းကဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံများရှိ ကရင်များကို သီအိုဒို စတင်း (Theodore Stern) က ကရေရန်နယ် (Carianners) ဟု ဖော်ပြထားသည် (Pwo Karen by James W. Hamilton, VII)။

ထို့ကြောင့် မွန်ဂို အနွယ်မှ ကရေ သည် အာရှ အရှေ့ တောင်ပိုင်းသို့ ပျံ့နှံ့ဝင်ရောက်လာသော ကရင် Karen များသာ ဖြစ်နိုင်သည်။ ၎င်းပြင် ကရေ မှ ကရင် သို့ အသံလှယ်သွားခြင်းသည် မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။ ဥပမာအားဖြင့် ပျူဂါမ ခေါ် ပျူရွာသည် ယခုအခါ ပုဂံသို့ ပြောင်းလဲသွားခဲ့သည် (အခြေပြု မြန်မာ့ နိုင်ငံရေးသမိုင်း၊ တွဲ (၁)၊ စာ ၁၈၄၊ ဒို့ကျောင်းသား (အထူး) ၁၉၈၃ ခု၊ ဇန်န၀ါရီလ၊ စာ ၂၃၊ Jers – Vol VIII, part 1, Oct, 1975, p 59)။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။

ကရင်၏ မူလဇာစ်မြစ် အပိုင်း (၁) ကို ဖတ်ရှုလိုပါက …
ကရင်၏ မူလဇာစ်မြစ် အပိုင်း (၂) ကို ဖတ်ရှုလိုပါက …

ဆက်ဖတ်ရန်....

Saturday, November 14, 2009

ကရင်လူငယ် နှင့် ခန်းဆက်တာဝန်



ကရင်
ပီပြင်စွာပင် ခေါ်စေချင်။
ကရင်ဆိုတာ
အေးချမ်းစွာဖြင့် လယ်ယာကိုင်းများ။
လုပ်ကိုင်စားပြီး စိတ်ထားဖြူလွင်
လွန်သန့်စင်၏။
ကရင်ဆိုတာ
ရိုးသားစွာဖြင့် မှန်တာကိုလုပ်
ဟုတ်တာကိုပြော သဘောလဲမှန်
ကောက်ကျစ်ဥာဏ်တွေ မရှိပေလဲ
ရဲရင့်သတ္တိ အပြည့်ရှိ။
ကရင်ဆိုတာ
မြတ်နိုးစွာဖြင့် ဘာသာစကား
ရိုးရာများနှင့် ကရင့်ဓလေ့
ထိန်းသိမ်းမွေ့ခဲ့ မမေ့မပျောက်
စဉ်စောင့်ရှောက်၏။

ကရင်ဆိုတာ
ယုံကြည်စွာဖြင့် ဘာသာမှုများ
အလေးထားပြီး ဘိုးဘွားစဉ်ဆက်
ရှေးလက်ထက်မှ ယနေ့ထိတိုင်
မယိမ်းယိုင်ပဲ ခိုင်ခိုင်မြဲ၏။
ကရင်လူငယ်
အို မောင်မယ်တို့ ဒို့ဘိုးဒို့ဘွား
ရှေးလူများနှင့် စာပေစကား
ဓလေ့များကို မှတ်သားနာယူ
နောင်လာလူတွက် မှုဟောင်မကြဉ်
မှုသစ်ထွင်၍ ကရင်မျိုးဂုဏ်
အလုံးစုံကို သင်းထုံအေးမြ
မြဲမွှေးရအောင် အမျိုးချစ်တတ်
စိတ်ဓာတ်လေးများ ထားတတ်ကြပြီး
မပျောက်မပျက် ထိန်းသိမ်းလျက်နှင့်
ခန်းဆက်တာဝန် ကျေစေချင်။

ကျော်တေဇ (လှိုင်းဘွဲ့)

ဆက်ဖတ်ရန်....

Saturday, November 7, 2009

ဆရာဟူသည်

ဆရာဟူသည်

“ဆရာ“ဟူသည် နောင်တစ်ခေတ်တွင် တိုင်းပြည်၏ သမိုင်းပေးတာဝန်ကို ပခုံးပြောင်းကာ တာဝန်ယူကြ မည့် တိုင်းပြည်၏ ရင်နှစ်သည်းချာ သားကောင်းရတနာများကို ပုံသွင်းကာ မွေးထုတ်ပေးကြမည့် မနုဿ ပန်းပုဆရာများပင် ဖြစ်သည်။ ငယ်ရွယ်သူ တပည့်များကို လိုချင်သည့်ပုံပေးအောင် ဆရာများက ပုံသွင်ကြရမည် ဖြစ်ပေသည်။ ထို့ကြောင့် ဆရာများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလှပေသည်။



မည်သည့်အတတ်ပညာမဆို “ဆရာ” မရှိဘဲ အလိုလိုတတ်မြောက်မလာပေ။ သင်ဆရာ၊ မြင်ဆရာ။ ကြားဆရာ ဟူ၍ ရှိပေသည်။ ဆရာက တပည့်တို့ကို ငယ်စဉ်ကစ၍ ၀ိဇ္ဇာသိပ္ပံစသည့် ပညာတို့ကို သင်ပေး ခြင်းဖြင့် နိုင်ငံခေါင်းဆောင်များ၊ ကျောင်းဆရာ၊ ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာ စသည်ဖြင့် နိုင်ငံတာဝန်ကို ထမ်းဆောင်နိုင်သော လုပ်သားကောင်းများ ဖြစ်လာပေသည်။ သို့ဖြစ်၍ ဆရာ၏ အလုပ်သည် မွန်မြတ်လှပေသည်။

ဆရာဟူသည် ၀ါသနာ၊ စေတနာ၊ အနစ်နာ၊ ကရုဏာ စသည့် နာလေးနာကို လက်ကိုင်ထားပြီးလုပ်ကိုင်မှ ဆရာကောင်းတစ်ယောက် ဖြစ်လာပေမည်။

“ဆရာ” ၏ ဂုဏ်ကျေးဇူးသည် ကြီးမားလှပေသည်။ ထို့ကြောင့် ဆရာကို ဘုရးနှင့်တစ်ဂိုဏ်းတည်း ထားကြသည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဟူ၍ အနန္တောအနန္တငါးပါးတွင် ဆရာသည်လည်း တစ်ပါး အပါအ၀င်ဖြစ်ပါသည်။
တက္ကသိုလ်တင်ခ၏ ဆရာဟူသော ဝေါဟာရဆောင်းပါးတွင် ဆရာဟူသော ဝေါဟာရ ဆင်းသက် ဖြစ် ပေါ်လာပုံမှာ သင်ကြီး ဓမ္မပါလ်ကျောက်စာ စာကြောင်းရ (၂) ရတနာကုံထန်ကျောက်စာ စာကျောင်းရေ ( ၁၅)၊ ငါပေါင်သင်နှင့် ငါမိလဃ်သင်ကျောက်စာ စာကြောင်းရေ (၆) တို့တွင် “ဆြာ” ဆရာဟူ၍လည်း ကောင်း၊ သက္ကတ “အာစာရ” မှ ဆရာ ဖြစ်ပေါ်လာပုံမှာ ဟောရဟန်း သိမ်ကျောက်စာ စာကြောင်းရေ (၈) ကြံကိုင်းကြီးသမီးကျောက်စာ စာကြောင်းရေ (၁၈) တို့တွင် “ဆာဂျာဆရာ” ဟူ၍လည်းကောင်း တွေ့ရပါသည်။ လက်ရှိ “ဆရာ” ဟူသော ဝေါဟာရကိုမှု မြန်မာသက္ကရာဇာ် ၅၅၉- ခုနှစ်တွင် ရေးထိုးခဲ့ သော မဟာကသမကျောင်း ကျောက်စာ စာကြောင်းရေ ၆တွင် တွေ့မြင်ရပေသည်ဟု ဖော်ပြထားပါ သည်။

ဆရာဟူသည်ကား စာတတ်အောင် သင်ပေးရုံ၊ ပညာတတ်အောင်သင်ပေးရုံနှင့် ဆရာ့တာဝန်ကျေပွန်ပြီ ဟု မဆိုနိုင်သေးပေ။ ဆရာသည် တပည့်များအား လိမ္မာယဉ်ကျေးအောင် ဆုံးမပေးသူ၊ အတတ်ပညာများကို တတ်မြောက် ကျွမ်းကျင်အောင် သင်ပေးသူ၊ သင်ပေးရာ၌လည်း ဆရာစားမချန်ဘဲ သင်ပေးသူ၊ ဘေးအန္တရာယ်ကို တားဆီးကာကွယ်ပေးသူ၊ ထို့ပြင် မိမိထက်တော်သော ဆရာများထံ တပည့်များကို အပ်နှံ၍ ပညာဆက်လက်သင်ပေးသူ ဖြစ်ရပါမည်။ သို့မှသာ ဆရာဟူသော အင်္ဂါနှင့် ပြည့်စုံသည့် ဆရာ ဖြစ်ပေမည်မဟုတ်ပါလား။

ဆက်ဖတ်ရန်....

Wednesday, November 4, 2009

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၂) ကရင့်ရေးရာ, သမိုင်း, ဆောင်းပါး။


ကမ္ဘာ့လူမျိုးနွယ်များ
ကမ္ဘာ့သမိုင်း စတင်ဖြစ်ပေါ်မှု The Beginning of History ကို ပြန်၍ လေ့လာမည် ဆိုပါက လူမျိုးကြီး ၃ မျိုးကို တွေ့ရပေမည်။ ၎င်းတို့မှာ
၁။ အသားမည်း အနွယ် Negaroid နီဂရွိုက်
၂။ အသားဖြူ အနွယ် Europoid ယူရိုပွိုက်
၃။ အသားဝါ အနွယ် Mongoloid မွန်ဂိုလွိုက် တို့ ဖြစ်ပါသည်။

နီဂရွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက်ဖက်သို့ ပျံ့နှံ့ပြီး ကင်းယန်း၊ နိုင်ဂျီးရီးယန်း၊ ဇင်ဘာဘွေးယန်း စသဖြင့် အာဖရိက လူမျိုး၊ နိုင်ငံများ ဖြစ်ပေါ်လာသည်။ အချို့မှာ ပင်လယ် သမုဒ္ဒရာကို ဖြတ်၍ အရှေ့အိန္ဒိယ ကျွန်းစုဘက် တောင်ကျွန်းများ အထိပင် ပျံ့လွင့် ရောက်ရှိကြပေသည်။

ယူရိုပွိုက် အနွယ်ဝင်များမှာ အာဖရိကတိုက် မြောက်ပိုင်းနှင့် ဥရောပတိုက်သို့ ရောက်ရှိသွားကြသည်။ ထင်ရှားသည့် ရှေးဦးမျိုးနွယ်များမှာ ဆီးမိုက်၊ ဟန်းမိုက်၊ အာရိယန် စသည်တို့ ဖြစ်ကြသည်။ အာရိယန်များသည် အိန္ဒိယပြည်သို့ပင် ရောက်ရှိကြသည်။ ၎င်းယူရိုပွိုက်များကို Compton’s Encyclopedia စွယ်စုံကျမ်း အတွဲ S.(K.L) စာမျက်နှာ 98-A တွင် ပါရှိသော Language Family Tree ခေါ် ဘာသာစကား မိသားစုတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်များသည် ကြီးမားကျယ်ပြန့်သော အာရှတိုက်ဘက်သို့ ပျံ့နှံ့လာကြသည်။ ကရင်လူမျိုးများသည် အသားဝါ အနွယ်ဝင်ဖြစ်ကြောင်း သမိုင်းသုတေသီများနှင့် ပညာရှင်များက လက်ခံထားကြသည်။

ထို့ကြောင့် အသားဝါ အနွယ် မွန်ဂိုလွိုက်ကို သီးခြား လေ့လာရန် လိုပါသည်။

မွန်ဂိုလွိုက် ခေါ် အသားဝါ အနွယ်

အသားဝါ အနွယ်ဝင် မွန်ဂိုလူမျိုးများကို လေ့လာရာတွင် ရနိုင်သော အခြေအနေအရ လိုရင်းအချက်ကိုသာ တင်ပြပါမည်။ ကမ္ဘာကြီးကို ဘူမိဗေဒ ပညာရှင်များက သက်ဦးကပ် (Palaeozoic or Primary Era)၊ သက်လယ်ကပ် (Mesozoic)၊ သက်နှောင်းကပ် (Cenozoic Era)၊ စတုတ္ထကပ် (သို့) နှင်းခဲခေတ် (Quarternary Era or Glacial Age) ဟူ၍ ခေတ် ၄ ခေတ် ခွဲ၍ လေ့လာကြပါသည် (အခြေပြု မြန်မာနိုင်ငံရေးသမိုင်း ပ-တွဲ၊ စာ ၃၇-၅၅)။

သက်ဦးကပ်ကို လွန်ခဲ့သော နှစ်ပေါင်း သန်းခြောက်ရာ (၆၀၀ သန်း) ခန့်က စတင်ခဲ့ပြီး စတုတ္ထကပ် ခေါ် နှင်းခဲခေတ်သည် လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စတင်ခဲ့သည်ဟု ယူဆကြသည်။ (ဤခေတ်များ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုပါက ရန်ကုန်တိရိစ္ဆာန် ဥယျာဉ် သဘာဝ သမိုင်း ပြတိုက်တွင် လေ့လာ နိုင်ပါသည်။)

လွန်ခဲ့သော နှစ်တသန်း (၁ သန်း) က စပြီး လူသားများ စတင်ပေါ်ထွန်းခဲ့သည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ ဤ နှင်းခဲခေတ်တွင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် အာရှတိုက် အလယ်ပိုင်း၌ သွားလာ ကျက်စား နေထိုင်ခဲ့ကြသည်။ သတိပြုရမည်မှာ ထိုအချိန်၌ မည်သည့်လူမျိုးမှ မယဉ်ကျေးကြသေးသော အချက်ပင် ဖြစ်သည်။

ဤခေတ်အတွင်းမှာပင် မွန်ဂိုလွိုက် အသားဝါ အနွယ်ဝင်များသည် နှင်းခဲများ၊ ရေခဲများ ဖုံးလွှမ်းမှုကြောင့် ဥရောပတိုက်နှင့် လည်းကောင်း၊ အာရှတိုက် တောင်ပိုင်းနှင့် လည်းကောင်း အဆက်ပြတ်သွား ခဲ့ရသည် (History of the world by Weech, page 24, 25)။

ထို မွန်ဂိုလူမျိုး အချို့တို့သည် အာရှတိုက် အလယ်ပိုင်း မှတဆင့် အာရှတိုက် အရှေ့မြောက်ဘက် အစွန်းရှိ ချူကော့စကီး ကျွန်းဆွယ် Chucotsky pennisula နှင့် အမေရိကတိုက် အနောက်မြောက် အစွန်ရှိ အလာစကား ကို ခွဲခြားထားသည့် မိုင် ၆၀ သာကျယ်သော ဘယ်ရင် ရေလက်ကြားကို ဖြတ်ပြီး အမေရိကတိုက် တခွင်တပြင်တွင် သွားရောက် အခြေချ နေထိုင်ခဲ့ကြသည်။ အချို့မှာ ဂရင်းလန်ကျွန်း တိုင်အောင် ပျံ့နှံ့သွားကြသည်။

အမေရိကတိုက်သို့ ရောက်သွားကြသော အသားဝါ မွန်ဂိုများသည် ရာသီဥတုနှင့် သဘာဝ ရေမြေ အခြေအနေအရ အသားရောင် နီကျင့်ကျင့် ဖြစ်လာကြသည် (Their yellow skin depened till it become copper-red)။ ထို့ကြောင့် ၎င်းတို့ကို လူနီ အင်ဒီးယန်းများ Red Indian ဟု အမည်တမျိုးနှင့် ခေါ်တွင်လာကြသည်။ အမေရိက အလယ်ပိုင်း (ယခု မက္ကစီကို၊ ဟွန်ဒူးရပ်စ်၊ နီကာရာဂွာ စသော ဒေသများ) သို့ ရောက်သောအခါ အဆင့်မြင့်မားသော အက်စတက် Aztecs၊ အင်းကားစ် Incas ကဲ့သို့သော ယဉ်ကျေးမှုများကို ပေါ်ထွန်းစေခဲ့သည်။ သို့သော် ၎င်းယဉ်ကျေးမှုများသည် အလွန်နောက်ကျပြီးမှသာ ပေါ်ထွန်းခြင်း ဖြစ်ပါသည်။

ဤမျှ ရှင်းပြခြင်းဖြင့် အစောဆုံးသော နှင်းခဲခေတ် (ရေခဲခေတ်) မှ မွန်ဂိုများကို အကြမ်းဖျင်း သိလောက်ပြီဟု ယူဆပါသည်။ အစောပိုင်း မွန်ဂိုများသည် မယဉ်ကျေးကြသေးသော မွန်ဂိုများ ဖြစ်ကြပါသည်။ ကျောက်ခေတ်ဦး Paleolithic ထက်ပင် စောသဖြင့် လူရိုင်း အဆင့်မှာသာ ရှိကြပေသေးသည်။

ယခု ကျွန်ုပ်တို့ လေ့လာသော မွန်ဂိုအနွယ်ဝင်များမှာ ရေခဲခေတ် ပြီးဆုံးပြီး လူယဉ်ကျေးမှု (ယဉ်ကျေးသောလူများ) စတင်သော အချိန်မှစ၍ လေ့လာမည် ဖြစ်ပါသည်။

ဤအချက်သည်ပင် ကျွန်ုပ်၏ ယူဆချက်နှင့် အချို့သော ကရင်အမျိုးသား ပညာရှင်များ၏ ယူဆချက်မှာ ကွဲလွဲမည် ဖြစ်ပါသည်။

ယဉ်ကျေးသော သူများဟု ဆိုရာ၌ အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို စတင်လုပ်ကိုင်သော အချိန်ကာလကို ဆိုလိုပါသည်။

အစောပိုင်း လူသားမျိုးနွယ်များသည် လူရိုင်းဘ၀ဖြင့် အသားငါး အစိမ်း၊ သစ်သီး သစ်ဖု သစ်ဥများကိုသာ ရှာဖွေစားသောက်၍ တနေရာမှ တနေရာသို့ လှည့်လည်သွားလာ နေထိုင်ကြသူများ (Nomads) သာ ဖြစ်ပါသည်။ ရေခဲခေတ်ကို ကျော်လွန်ပြီး တဖန် ကျောက်ခေတ်ဦး (ကျောက်ကြမ်းခေတ်) Paleolithic age, ကျောက်ခေတ်လယ် Mesclithic age, ကျောက်ချောခေတ် (ကျောက်ခေတ်သစ် / ကျောက်ခေတ်နှောင်း) Meolthic age ဟူ၍ ကျောက်ခေတ်များကို ကျော်လွန်ခဲ့ပြီးနောက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ကာ အတည်တကျ နေထိုင်သော ယဉ်ကျေးသည့် ခေတ်သို့ ရောက်ရှိလာခဲ့ပေသည်။

စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်ပြီး အတည်တကျ နေထိုင်ခြင်းဖြင့် လူသားတို့ ယဉ်ကျေးမှု မြင့်မားလာခဲ့သည်ကို သမိုင်းဖြစ်ပေါ် တိုးတက်မှုအစဉ်တွင် တွေ့ရပါသည်။ သို့ဖြစ်၍ အခြားလူမျိုးများနည်းတူ ယဉ်ကျေး၍ လာပြီဟု ယူဆရသော ကရင်လူမျိုးများသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို ရှာဖွေရပေမည်။

ကမ္ဘာ့သမိုင်းတွင် လူ့ယဉ်ကျေးမှု တိုးတက်ထွန်းကာရာ အရပ်ဒေသများကို စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် ရေရရှိသော မြစ်ဝှမ်းအရပ်များတွင် တွေ့ရှိရသည်။

လူ့ယဉ်ကျေးမှု ထွန်းကားရာ မြစ်ဝှမ်းအရပ်များမှာ …
၁။ နိုင်းလ် မြစ်ဝှမ်းဒေသ (အီဂျစ်ပြည်)
၂။ မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (မက်ဆိုပိုတေးမီးယား Mesopotamia (သို့) ရှိနားလွင်ပြင် Shinar plain)
၃။ အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်းဒေသ (အိန္ဒိယပြည်) (Indus, Ganges)
၎။ မြစ်ဝါ (သို့) ဟွမ်ဟို မြစ်ဝှမ်းဒေသ (တရုတ်ပြည်) (Yellow river or Hwang-Ho)

အထက်ပါ လူယဉ်ကျေးမှု ထွန်းကားရာ ဒေသကြီးများအနက် အေဂျင် ပင်လယ်ဒေသနှင့် နိုင်းလ် မြစ်ဝှမ်း အထက်ပိုင်း ဒေသများတွင် ဆီးမိုက်၊ ဟန်းမိုက် အနွယ်ဝင်များ နေထိုင်ကြပြီး မွန်ဂို အနွယ်ဝင်များ နေထိုင်ကြောင်း မသိရှိရပေ။ သို့ဖြစ်၍ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများ စတင်ပေါ်ပေါက်လာမှုတွင် ထည့်သွင်း စဉ်းစားရန် လိုမည် မဟုတ်ပေ။ မြေထဲ ပင်လယ် မြောက်ဘက်နှင့် အေဂျင် ပင်လယ် မြောက်ဘက် ဥရောပတိုက်ဘက်တွင် အာရိယန်အနွယ်ဝင်များ ပျံ့နှံ့နေထိုင်ကြသည်ကို တွေ့ရသည်။

ထို့ကြောင့် ကျန်ရှိသော လူ့ယဉ်ကျေးမှု စတင်ထွန်းကားရာ ဒေသများအနက် အိန္ဒု - ဂင်္ဂါ မြစ်ဝှမ်း ဒေသသည် အိန္ဒိယပြည်တွင်ရှိပြီး အသားမည်း ဒရာဗီးဒီးယန်း Dravedian များသာ စတင် အခြေချရာ ဒေသ ဖြစ်သဖြင့် အသားဝါ မွန်ဂို အနွယ်ဝင် ကရင်လူမျိုးများသည် ထိုဒေသမှ စတင်မည် မဟုတ်ကြောင်း သေချာပေသည်။ သို့ဖြစ်၍ မြစ်ဝါ မြစ်ဝှမ်း ဒေသနှင့် မက်ဆိုပိုတေးမီးယား မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသကို ဆက်လက် လေ့လာရပေမည်။

မြစ်ဝါမြစ်ဝှမ်း ခေါ် ဟွမ်ဟိုမြစ်ဝှမ်း ယဉ်ကျေးမှု ထွန်းကားရာ ဒေသကို လေ့လာသောအခါ ထိုဒေသတွင် ရှေးဟောင်း တရုတ် ယဉ်ကျေးမှု ပေါ်ထွန်းခဲ့ကြောင်းနှင့် တရုတ်လူမျိုးများသည် လှည့်လည်သွားလာသူများ မဟုတ်ဘဲ အိမ်နှင့် အတည်တကျ နေထိုင်ကြောင်း သိရှိရသည်။ (History of the world by Weech, second edition, page 333, Acient China ” The Chinese grew up as dwetters in houses, not as nomads in tents.”)။ တဖန် တရုတ်တို့သည် အသားဝါ အမျိုးတူ ဖြစ်ကြသော်လည်း မွန်ဂိုများ မဟုတ်ဟု သိရှိရသည်။ (Pratical knowledge for all, vol 2 by Sir John Hammertal, page 132, “Early history of China and Japan”, The Chinese people, like most of the Fore EAstern Asiaties, are Mongols, skin to but not indentical with the Mongols proper or Hun of Central Asia, - )

သို့ဖြစ်၍ ကရင်လူမျိုးသည် မြစ်ဝါမြစ်ဝှမ်း၌ ယဉ်ကျေးသော လူမျိုးတမျိုးအဖြစ်နှင့် မပေါ်ခဲ့ဟု ယူဆရပေသည်။ အချို့ ပုဂ္ဂိုလ်များက ကရင်သည် တရုတ်မျိုးနွယ်တခု (Off shoot of Chinese) ဟု ထင်မြင်ကြပေသည်။ ဤယူဆချက်သည်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ် မမွေးဖွားမီ ကတည်းက မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှသို့ ရောက်နှင့်သော ကရင်လူမျိုးနှင့် အတူ ပါလာသည့် ဗိသုကာ ပညာ လက်ရာများနှင့် ယဉ်ကျေးလှသော ပြောဆိုဆက်ဆံပုံများသည် ဘယ်နည်းနှင့်မျှ ထို ရှေးရှေးအခါက တရုတ်လူမျိုးများထံမှ အမွေ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည်ပင်လျှင် ခရစ် မမွေးဖွားမီ အချိန်က ယဉ်ကျေးလာရန် ကြိုးစားကြလျှက်ပင် ရှိသေးသည်ဟု ယူဆရသည်။

အချို့ကလည်း ကရင်များသည် တိဘက်က လည်းကောင်း၊ တရုတ်ပြည် အနောက်တောင်ပိုင်းက လည်းကောင်း တရွေ့ရွေ့ ပြောင်းရွှေ့ပြီး အရှေ့တောင်အာရှသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ထို အဆိုကို မငြင်းပယ်လိုပါ။ သို့ရာတွင် မယဉ်ကျေးသော တိဘက်များ နေထိုင်ရာ ဒေသနှင့် သွားလာရန်ပင် အလွန် ခက်ခဲသော တရုတ်ပြည် အနောက်တောင်ပိုင်းမှ ကရင်လူမျိုးများ စတင် မပေါက်ဖွားလာသည်ကိုတော့ လေ့လာသူတိုင်း သဘောပေါက်ကြမည်သာ ဖြစ်ပါသည်။

ရေခဲခေတ် (စတုတ္ထကပ်) ၌ ရေခဲ နှင်းခဲ ပိတ်၍ အာရှတိုက် အလယ်ပိုင်း၌ သောင်တင်နေခဲ့သော မွန်ဂိုလွိုက် အကြွင်းအကျန်များလားဟု စဉ်းစားကြည့်လျှင်လည်း ထို နှင်းခဲခေတ် မွန်ဂို အသားဝါများသည် ကျောက်ခေတ်ဦးထက်စောပြီး လူဟူ၍ ပေါ်လာခဲ့သော လူသားများ ဖြစ်ကြရာ လူရိုင်းများသာ ဖြစ်ကြသည်။ ကရင်လူမျိုးများသည် ထို မွန်ဂို အကြွင်းအကျန်မှ သော်လည်းကောင်း၊ တနေရာရာတွင် ရောက်ရှိနေသော အသားဝါ အနွယ်စု တစုစုမှ သော်လည်းကောင်း ပွားလာရမည်ဟု ယူဆစရာ ရှိပါသည်။ ထိုသို့ မဟုတ်ပါကလည်း နှစ်ကြာညောင်း၍ အာရှအလယ်ပိုင်းတွင် တနေရာမှ တနေရာသို့ ရွေ့လျားသွားလာသော မွန်ဂိုများသည် ယဉ်ကျေးလာကြသည်ဟု ပြောရန်မှာလည်း အတည်တကျ နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကာ အခြားယဉ်ကျေးသော သူများနှင့် ထိတွေ့ဆက်ဆံမှု မရှိဘဲနှင့် တောင်ထိပ်တွင် လည်းကောင်း၊ မြက်ခင်းပြင်တွင် လည်းကောင်း ယဉ်ကျေးလာရန်မှာ ခက်ခဲလှပါသည်။

ယဉ်ကျေးမှု တိုးတက်လာခြင်း၏ အကြောင်းရင်းမှာ လူတို့သည် အတည်တကျ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ကာ ပတ်ဝန်းကျင်လူမျိုးပေါင်းစုံနှင့် တွေ့ထိဆက်ဆံပြီးနောက်ပိုင်း တဖြည်းဖြည်းမှသာ ယဉ်ကျေးလာကြသည်သာ ဖြစ်ရပေသည်။

သို့ဖြစ်၍ ကျန်ရှိသော မြစ်နှစ်မွှာ မြစ်ဝှမ်းဒေသ (၀ါ) ရှိနားလွင်ပြင် (၀ါ) မက်ဆိုပိုတေးမီးယားဒေသ ကိုသာ လေ့လာရန် ရှိပါသည်။
ဇွဲကပင် ကျော်ခေ၇ာ့စ် ဘလော့မှကူးယူသည်။

ဆက်ဖတ်ရန်....

ပညာတင့်မှ အမျိုးတင့်မည်

မြန်မာ ပုဆိုးဝတ်တာ ကုလားအမွေလို့ ဒေါက်တာသန်းထွန်း က ပြောလို့သိရတယ်။ အဲ့ဒီတော့ ကရင်တွေကသဘောကျတယ် ကုလားအမွေ ခိုးထားတဲ့ကောင်တွေပါကွာဆိုပြီး ဟားတိုက်ကြတယ်လေ၊ သိပ်ပြီးလဲသဘောမကျကြနဲ့ ကိုယ့်လူတို့ရေ ... ကရင်ပုဆိုးဝတ်တာကရော ကုလားအမွေလား မြန်မာတွေ ဆီကနေ အတုမြင်အတတ်သင်လား ဘယ်သူ့အမွေလဲ၊ ဒီလိုမေးရင်တော့ စိတ်မဆိုးနဲ့နော် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကရင်သမိုင်းကို ဒီလောက်ထိလိုက်တဲ့ ကရင်လူမျိုးဘာလို့မရှိသေးတာလဲ။ မြန်မာလူမျိုးတွေက မြန်မာသမိုင်းကို ပုဆိုးဝတ်တာက အစ လိုက်နိုင်ကြပြီ။ ကျွန်တော်တို့ ဘယ်ကနေဆင်းသက်လာလဲဆိုတာ အခုထိ တစ်ယောက်တစ်ပေါက် ဖြစ်နေတုန်းဘဲ။

တစ်ယောက်က ဗာဗူလုံ မြို့ကလို့ပြောလိုပြော၊ ဂျူးလူမျိုး (၁၂) မျိုးထဲက အကိုအကြီးဆုံး အမျိုး ရူဘင်မျိုးလို့ပြောလိုပြော၊ နောက်ကျတော့လဲ အရှေ့အလယ်ပိုင်းကလိုလို အီဂျစ်ကလိုလိုနဲ့ နောက်ဆုံးတော့ တိဘက်ကိုဖြတ် တရုတ်ကိုကျော်ပြီးမြန်မာနိုင်ငံထဲ ရောက်လာခဲ့ကြတယ်လို့ဘဲ ဂိတ်ဆုံးသွားရော။ ဒီကြားထဲ တချို့က ထိုင်းဘက်ကပါတ်ဝင်တာတို့ အိန္ဒိယဘက်က ပါတ်ဝင်တာတို့က ရှိသေးတယ်။ ဦးပညာရေးထားတဲ့ ကရင်ရာဇဝင်ဆိုကျတော့လဲ ဗြမ္မာကြီး လေးဦးကနေ အစချည်လိုက်တာကို ဖတ်ရတော့ စိတ်ပါညစ်သွားတယ်။ မြန်မာတွေလဲ ဘယ်ကဆင်းလာသလဲ ဆိုတာကို အတိအကျမသိသလို့ ကရင်တွေ လည်းဘယ်ကဆင်းလာသလဲဆိုတာ အတိအကျမသိပါဘူး။

ဒါပေမဲ့ မြန်မာအစ တကောင်းက (မြန်မာသမိုင်းအခြေခံမူလတန်းတွင်သင်ခဲ့ရသည်) လို့ အယူအလွဲမျိုးကို ကရင်တွေ လဲမဖြစ်ဖို့ အရေးကြီးပါတယ်။ တော်တော်ကြာ ကရင်အစ တိဘက်ကဖြစ်နေဦးမယ် နိုင်ငံတော်အလံခြင်းကလဲ ခပ်တူတူ လူပုံခြင်းကလဲ ခပ်ဆင်ဆင် ဖြစ်နေတာကိုး။ ဒါတွေကတော့ မတိုးတက်သေးတဲ့ခေတ်မှာဖြစ်ခဲ့ပြီးပြီ အခု တိုးတက်တဲ့ ခေတ် IT ခေတ်ကိုရောက်နေပြီ ကရင်တွေ မကြိုးစားကြသေဘူး။ လက်ရှိ ထက်မျက်ထွန်းပေါက်တဲ့ကရင်တွေ ရှိပါတယ် ဒါပေမဲ့ လက်ချိုးရေလို့ရတယ်။ ကျွန်တော်တို့ကရင်လူငယ်တွေ အပျော်အပါ အသောက်အစားနဲ့ ဘဲ အချိန်ကုန်နေကြတယ်။ အထူသဖြင့် ကရင်လူမျိုးတွေမှာ ပြောစမတ်ဖြစ်နေတာ အရက်ပါ။ လုံးဝမသောက်နဲ့ လို့ မပြောလိုပါ သောက်တတ်ရင်သောက်ပါ ဘဝပျက်တဲ့အထိတော့ မသောက်သင့်ဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကရင်လူမျိုးအများစုဟာ ဖိနှိပ်ခံ လူတန်းစားဘဝမှာ ကျွန်တော်တို့လူမျိုးတွေ ကြိုးစားပြီး ထိုးဖောက်ရမဲ့အစား မကြိုးစားဘူး။

မြန်မာတွေ အနိုင်ကျင့်တယ် မတရားဘူးဘဲအော်နေတယ်။ ရှေ့ဆက်အနိုင်မကျင့်ခံရအောင် ငါတို့ဘယ်လိုလုပ်မလဲ မစဉ်းစားဘူး။ အနိုင်ကျင့်တာ ကျင့်ခြင်တိုင်းကျင့်လို့မရပါဘူး ကိုယ်ကသူ့အပေါ်ကဆို သူကိုယ့်ကို ဘယ်လိုအနိုင်ကျင့်မလဲ မြန်မာနိုင်ငံမှာ ရှိတဲ့ ဗမာလူဦးရေနဲ့ ကရင်လူဦးရေ မကွာပါဘူး။ ဒါကို သူများအပေါ်ကိုရောက်အောင်မကြိုးစားဘဲ ခပ်ပေါ့ပေါ့ဘဲနေနေကြတယ် လူကြားကောင်းအောင်ငါတို့ကရင်လူမျိုးက ရောက်ရဲ တင်းတိမ်တတ်တယ်ဆိုတဲ့စကားနဲ့ ပြန်လည်တုန့်ပြန်တတ်ကြတယ်။ တကယ်တော့ ဒါဟာ ခပ်ညံညံ အတွေးတွေပါ။ ပညာသင်ခွင့်ရနေတဲ့ ကျွန်တော်တို့ တတွေ ကြိုးစားရမယ်။ ဒါမှကိုယ့်လူမျိုးဂုဏ်ကိုယ်ပြန်မြင့်နိုင်မှာပါ။မြန်မာစကားပုံတစ်ခုလို ပညာမြှင့်မှ အမျိုးတင့်မည် ဆိုတာမျိုးပေါ့။ အခုတော့ကျွန်တော်တို့ လူမျိုးအများစုဟာ ပညာမတတ်မဟုတ်ဘဲ ရိုးရိုး တောင်သူလယ်သမားဘဝကနေ အခုထိ မတက်နိုင်သေးပါဘူး၊ ဗမာ မင်းတွေ နှိပ်စက်လို့ ထွက်ပြေးနေတဲ့ဘဝကနေအခုထိမလွတ်နိုင်သေးပါဘူး။

အစ္စရေး ကိုယ်နိုင်ငံကိုယ်ပြန်တည်ထောင်သွားတာကို ကျွန်တော်တို့လူမျိုးတွေ အတုယူသင့်တယ်။ ဘာလို့ပြန်လည်တည်ထောင်နိုင်လဲဆိုတော့ အဓိကအကြောင်းအရင်းကတော့ ပညာတတ်နဲ့ လူချမ်းသာများလို့ဘဲ။ ကျွန်တော်တို့လည်းကိုယ့်နိုင်ငံကိုယ်ပြန်လည်တည်ထောင်ခြင်ရင်တော့ ပညာတတ်နဲ့လူချမ်းသာတွေ ကရင်လူမျိုးထဲမှာများဖို့လို့ပါတယ်။ ချမ်းသာဖို့ဆိုတာလဲ ပညာတတ်မှ ဖြစ်နိုင်မဲ့ အရာတခုပါ။ ပညာမတတ်ဘဲ သူဌေးဖြစ်တဲ့သူ ဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးတိုင်းရင်းသားက ကရင် လူမျိုးတွေပါ။ မွန်လူမျိုးတွေကို ကြည့်ပါ ကရင်ပြည်နယ်နဲ့ ဘေးခြင်းကပ်မှာ နေပေမဲ့လည်း ပညာတတ်တွေ မွန်လူမျိုးမှာများစွာကို ကျွန်တော်တို့မြင့်တွေနိုင်ပါတယ်။ ကျွန်တော်တို့လူမျိုးမှာ ပညာတတ်တွေ အရမ်း ကိုနည်းလွန်းပါတယ် ဒါဟာအင်မတန်ဝမ်းနည်းစရာပါ။

ဒါကြောင့်ကျွန်တော်တို့ ဖိနှိပ်ခံ ဘဝတွေကနေ ဖောက်ထွက်နိုင်ဖို့ တခုတည်းသော နည်းလမ်းက တခြားသူတွေထက်သာအောင်ကြိုးစားဖို့ နည်းလမ်းတစ်ခုတည်းသာ ရှိပါတော့သည်။

ဆက်ဖတ်ရန်....

Tuesday, November 3, 2009

အလုပ်လုပ်မှ လူကြီးဖြစ်သည်



စာရေးသူ ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက် သီတင်းသုံးနေစဉ် စာရေးသူ မှတ်မှတ်ရရ ၁၉၉၉-ခုနှစ် ၀ါကျွတ်ပြီးတာနဲ့ စာသင်သားသံဃာတော်များ ခရီသွားချင်ကြသည်။ သူသူငါငါ လျှောက်လွှာရေးပြီး ဆရာတော်ထံကို လုတင်ထားကြသည်။ဘာဖြစ်လဲဆိုတော့ လျှောက်လွှာထဲမှာ ဆရာတော်လက်မ မပါရင် လုံးဝခရီးသွား၍မရပါ။ ဆရာတော်လက်မက အရေးကြီးသည်။ ပါစပ်နဲ့သွားလျှောက်၍မရပါ။ လျှောက်လွှာနဲ့ရေးမှရသည်။

ညနေ၅နာရီခွဲ ဘုရားဝတ်တက်ပြီးအချိန်ရောက်တဲ့အခါကျတော့ ဆရာတော်ဘုရားက သြ၀ါဒ ပေးသည်။ ´´ အရှင်ဘုရားတို့ လူကြီးဖြစ်ချင်တားလား လူအိုဖြစ်ချင်တာလား လူကြီးဖြစ်ချင်ရင် အလုပ်လုပ်မှ လူကြီးဖြစ်သည်။ အလုပ်မလုပ်ဘဲ အလကားနေရင် လူကြီးမဖြစ်နိုင်ပါ။ အသုံးမပြုသော လူအိုဘဲဖြစ်သည်``ဟုမိန့်တော်မူုခဲ့သည်။

ဆရာတော်ပြောတာ မှန်သည် လူလောကမှာ လူအမျိုးမျိုး နတ်အဖုံဖုံ မြင်တွေ့ကြရသည်။ လူသားအချင်းချင်း တူပေမယ့် အရေအချင်းအရည်အသွေးကတော့ မတူထူးခြား ကွဲပြားခြားနားကြသည်။ စာရေးသူရဲ့ နှစ်လုံးသားအိမ်မှာ လူလောကသည် အသိဥာဏ်ပညာဗဟုသုတ အချန်ရှိခိုက် လုံးလမစိုက်ဘဲ အလကားနေတဲ့လူဟာ အလကားလူဘဲဖြစ်သည်ဟု အလိုလိုတွေးမိသည်။
လူဆိုတာ နှစ်မျိုးနှစ်စားခွဲခြားတတ်ရမည်။ ၁။ လူအို။ ၂။ လူကြီး ။ လူအိုဆိုတာက အသိညဏ်နည်းပြီး အများအကျိုးမဆောင်ရွက်ဘဲ အလကားနေအသက်ကြီးလာတာ သို့မဟုတ် လူတွေလို ပါစပ် နားရွက် မျက်စိ လက်နှစ်ဘက် ခြေနှစ်ဘက် အတူတူပင်ရှိသော်ငြားလည်း အများကလူကြီးဟု အသိအမှတ် မပြုပေးနှိင်တာ ကို လူအိုလို့ခေါ်သည်။ လူကြီးဆိုတာကတော့ အသက်ငယ်ပင်ငယ်ငြားသော်လည်း အသိညဏ်ကြီးရင့်ပြီး အမျှော်အမြင်ကြီးစွာဖြင့် အများအကျိုးအတွက် ပြုလုပ်ဆောင်ရွက်ပေးနေတဲ့လူကို လူကြီးလို့ခေါ်သည်။

ပြီတော့ဆရာတော်က ဆက်ပြောသည်။ ´´အလကားနေတဲ့လူဟာ ဘယ်သူမှ အသုံးမချပါ အသုံကျတဲ့လူမှ အသုံးချတာပါ``

စာရေးသူ ဆရာတော်ပြောတာ သိပ်သဘောကျသည် လူကောင်းတယ် လူတော်တယ်ဆိုတာ အသုံးချလို့ရလို့ကောင်းတာတော်တာဖြစ်သည်။ အလကားလူဟာ ဘယ်သူမှအသုံးမချပါ။ ငါသည် အလကားလူးလား အလုပ်လုပ်နေတဲ့လူလားဆိုတာ အမြဲတမ်း ကိုယ့်ကိုယ်ကို စစ်ဆေးပြီး အလုပ်လုပ်နေမှ တော်ရာကျမည်ဟု စာရေးသူ တွေးမိသည်။ အလကားလူဟာ ခဏတော့ ဟုတ်သလိုလိုနဲ့ တော်တော်ကြာတော့ အလကားလူဟာ အလကားဘဲပြန်ဖြစ်သွားသည်။

ပြီးတော့ဆရာတော်က ဆက်ပြောသည်။ ´´အလုပ်မလုပ်ပဲ အလကားနေတဲ့လူတွေ သို့မဟုတ် အဖျင်းတွေ အပျင်းတွေ အလွယ်ပြောနေကြတဲ့ စကားတစ်ခုရှိပါတယ်။ သူတို့များ ပါရမီ ရှိလိုက်တာ ကံကောင်းလိုက်တာ။ တို့မှာတော့ ပါရမီနည်းလိုက်တာ ကံညံ့လိုက်တာလို့။ ပါရမီဆိုတာလည်းကောင်းကောင်းနားမလည် ကံဆိုတာလည်း ကောင်းကောင်းမသိဘဲ အလကားလူတွေ အလကားနေရင်း စုပြောတဲ့ စကားပါ။ ပါရမီဆိုတာ နိဗာန်ရည်မှန်ပြီး လုပ်တဲ့အလုပ်မှန်သမျှဟာ ပါရမီအလုပ်လို့မှတ်ပါ။ ဒီနေ့ နိဗ္ဗာန် ရည်မှန်းပြီး အလုပ်လုပ်ရင် လုပ်သလောက် ပါရမီရှိလာပါတယ်။ လုပ်သူမှာ ပါရမီရှိလာပါတယ် ။ မလုပ်သူမှာ ပါရမီ မရှိပါ။ ကံနဲ့ပတ်သက်လို့လည်း ကံဆိုတဲ့စကားလုံးကို ကောင်းကောင်းနာမလည်ဘဲ အရမ်းသုံးစွဲနေကြတာပါ။ ကံဆိုတာ အလုပ်ပါ အလုပ်ဆိုတာ ကံပါ။ အလုပ်ကောင်းမှ ကံကောင်းပါတယ်။ အလုပ်မကောင်းရင် ကံမကောင်းပါ ``

ဆရာတော်ပြောတာသိပ်မှန်သည် ပါရမီဆိုတာ မြင့်မြတ်တဲ့အလုပ်ဟုမှတ်သားရသည်။ ဘာမှမရှိဘဲနဲ့ အလိုလိုရှိလာတာပြည့်လာတာ မဟုတ်ပါ။ ကိုယ့်ကိုယ်တိုင်ဖြည့်မှပြည့်လာမှာဖြစ်သည်။ ကံဆိုတာလည်း ကုသိုလ်ကံ အကုသိုလ်ကံ နှစ်မျိုးရှိသည်ဟု မှတ်သားရသည်။ ကောင်းတဲ့အလုပ်ကိုလုပ်ရင် ကုသိုလ်ကံ မကောင်းတဲ့အလုပ်ကိုအလုပ်ကိုရင် အကုသိုလ်ကံဟု ခေါ်သည်။
ဆရာတော်ပြောတဲ့စကားကို စာရေးသူ သေသေချာချာစဉ်းစားကြည့်သည်။ ဆရာတော်စကားကိုထိမိလှသည်။ အလုပ်မလုပ်ဘဲ အလကားနေတဲ့လူဟာ ကိုယ့်ရဲ့အမျိုးသားရေးဆုတ်ယုတ်သွားတဲ့အပြင် ကိုယ်ဘ၀ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုလည်း ဆုတ်ယုတ် သွားနိုင်သည်။ ကုသိုလ်တွေလည်း ဆုတ်ယုတ်သွားနိုင်သည် မရှိသေးတဲ့အကုသိုလ်တရားတွေလည်း တိုးပွားလာနိုင်သည်။ ရှိပြီးသားပစ္စည်းဥစ္စာကျန်းမားရေးတွေလည်း အချိန်မရွေး ဆုတ်ယုတ်သွားနိုင်သည်။ မရှိသေးတဲ့ပစ္စည်းဥစ္စာကျန်းမာရေးတွေလည်း မရလာနိုင်ပါ။
ထိုကြောင့် အချိန်ရှိသေး အချိန်မှီသေး စာရေးသူရဲ့ ညီကိုမောင်နှမအားလုံး မမေ့မလျှော့ မပေါ့မဆဘဲနဲ့ အချိန်ရှိခိုက် လုံးလစိုက် အချိန်ကိုသိ တန်ဖိုးရှိ စကားကို နေ့စဉ်သတိရပြီး အလုပ်လုပ်မှ လူကြီးဖြစ်သည် ဆိုတဲ့စာလုံးကို နှလုံးသားထဲမှာ ထည့်ထားကာ အမျိုးသား စာပေ ယဉ်ကျေးမူတွေရော ဘာသာရေးအတွက်ကိုပါ အားလုံးဝိုင်းဝန်း ကူညီ အလုပ်လုပ်ကြပါဟု တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရသတည်း။

စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
မောင်စောသု [နောင်ကမြိုင်]
ဘားအံ။

ဆက်ဖတ်ရန်....

Monday, November 2, 2009

ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)



ကရင်လူမျိုး၏ မူလဇာစ်မြစ် (၁)
သုတေသနစာတမ်း
စောဖော (ရန်ကုန်တက္ကသိုလ်)

karen-womans-costumeနိဒါန်း
ကမ္ဘာပေါ်တွင် လူမျိုးတိုင်း၏ မူလဇာစ်မြစ်တိုင်းသည် ၀တ္ထုဆန်ဆန်၊ စိတ်ကူးယဉ် ဆန်ဆန်သာ ဖြစ်ကြပြီး မည်သူမျှ အတိအကျ ဖော်ပြခြင်း မပြုနိုင်ကြပေ။

ဥပမာအားဖြင့် ဂျပန်လူမျိုးတို့သည် မိမိတို့ ဘုရင်ကို “နေနတ်” မှ ဆင်းသက်လာသည်ဟု ယုံကြည်ကြပြီး မိမိတို့ လူမျိုးကိုလည်း “နေနတ်အနွယ်” များဟု ယူဆ ကြသည်။

ထိုနည်းတူ ကရင်လူမျိုးများ၏ မူလဇာစ်မြစ်နှင့် ပတ်သက် ၍ အမျိုးမျိုး ယူဆ ပြောဆိုကြပေသည်။ အချို့က ကရင်လူမျိုးများသည် တိဘက် လူမျိုး ဖြစ်သည်ဟု ဆိုကြသည်။ အချို့က ကရင်လူမျိုးများသည် တရုတ်ပြည် အနောက်မြောက်ပိုင်းမှ ဆင်းသက်လာကြ သော လူမျိုးတမျိုး ဖြစ်သည်ဟု ဆို၏။ အချို့ကလည်း ကရင်လူမျိုးသည် ယနေ့ မြန်မာနိုင်ငံဟု ခေါ်သော ဤနိုင်ငံ၏ မူလ တိုင်းရင်းသား (aborgine) ဟု ဆိုကြ၏။ (Judson of Burma, by professor B.R. Pearn, page 79)။ တဖန် အချို့ကလည်း ကရင်လူမျိုးများသည် ဆီးမိုက် မျိုးနွယ်ကြီးမှ ဟီဘရူးခေါ် ဟေဗြဲ အနွယ်ဝင် ၁၂ မျိုးထဲမှ ပျောက်ဆုံးသွားသော လေ၀ိ အနွယ်ဖြစ်သည်ဟု အထောက်အထားနှင့် အခိုင်အမာ ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ကရင်လူမျိုးများ၏ မူလဗီဇနှင့် မူလဇာစ်မြစ်ကို အရှိကို အရှိအတိုင်း ဖော်ထုတ်ရမည်မှာ သမိုင်းပေး တာဝန် တရပ်သာ ဖြစ်ပေသည်။

ကရင်ဟူသော အမည်
ကရင်ဟူသော အမည်ကို အမျိုးမျိုး ယူဆ ပြောဆိုကြသည်။ အများအားဖြင့် သိရသည်မှာ အမည်တခုကို ခေါ်တွင်ရာ၌ အကြောင်းတခုခုကို အစွဲပြု၍ ခေါ်လေ့ရှိကြသည်ကို တွေ့ရှိရသည်။

ဥပမာအားဖြင့် ဆူးမား (Sumer) လွင်ပြင်တွင် အခြေချ နေထိုင်သည့် လူမျိုးများကို ဆူမားရီးယန်း ဟု ခေါ်ကြသည်။ အက္ကမြို့ကို ထူထောင်ကြသော လူမျိုးကို အကားဒီးယန်း ဟု ခေါ်ကြသည်။ အမေရိကတိုက်တွင် နေထိုင်ကြသော လူမျိုးကို အမေရိကန် ဟု ခေါ်ကြသည်။

ထိုနည်းတူစွာ ကရင်လူမျိုးများသည်လည်း မိမိတို့နှင့် သက်ဆိုင်သည့် ထူးခြားသော အကြောင်းအရာ တခုခုအပေါ် မူတည်၍ ခေါ်တွင်သည်လားဟု ယူဆစရာ ရှိပါသည်။ ယခင်က ရေးသားခဲ့သော ကရင်၏ မူလဇာစ်မြစ် ပထမပိုင်းတွင် မွန်ဂိုလူမျိုးများ အစောဆုံး အခြေချ နေထိုင်သည်ဟူ၍ သမိုင်းသုတေသီများ သိရှိလာသည့် မက်ဆိုပိုတေးမီးယား ဒေသမှ ပါရှန် ပင်လယ်ကွေ့ထဲသို့ စီးဝင်သော “ကရန်မြစ်”ကို အစွဲပြုခေါ်ခြင်း ဖြစ်နိုင်စရာ အကြောင်းရှိကြောင်း ထင်မြင်ယူဆချက်ကို တင်ပြခဲ့ပါသည်။

ကမ္ဘာ့သမိုင်းတွင် ဟစ်ဆော့ ခေါ် လူမျိုးတမျိုးသည် ၎င်းတို့ကိုယ်ကို ဟစ်ဆော့ဟု ခေါ်ကြခြင်း မဟုတ်ဘဲ အီဂျစ်လူမျိုးများက ၎င်းတို့အား ခေါ်သော အမည်ဖြစ်သည်။ အီဂျစ်ဘာသာစကားဖြင့် ဟစ်ဆော့၏ အဓိပ္ပါယ်မှာ နိုင်ငံခြားသား အုပ်ချုပ်သူများ ဟု အဓိပ္ပါယ် ရသည်။ အီဂျစ်လူမျိုးများက ထိုသို့ ခေါ်ရခြင်းမှာ ဟစ်ဆော့တို့သည် ၎င်းတို့ အီဂျစ်ပြည်ကို နှစ်အတန်ကြာ လာရောက် အုပ်ချုပ်သော နိုင်ငံခြားသားများ ဖြစ်သောကြောင့်ပင်တည်း။

ကာလကတ္တား တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော သိက္ခာတော်ရ ဆရာကြီး မန်းဘရင်က ၎င်း၏ လေ့လာသိရှိမှုကို ကျနော့်အား ပြောပြရာတွင် ရှေးတရုတ်များသည် ကရင်လူမျိုးကို “ခဲ့ရင်” ဟု ခေါ်ကြသည်။ “ဧည့်သည်” များဟူ၍ အဓိပ္ပါယ် ရသည်ဟု ဆိုသည်။ ထိုအဆိုသည်လည်း ဖြစ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးများသည် အခြားသော အရပ်ဒေသ တခုခုမှ တရုတ်ပြည် အနောက်ဘက် နယ်စပ်သို့ ရောက်ရှိလာသဖြင့် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဟစ်ဆော့ အမည် ပေါ်လာပုံနှင့်လည်း ဆင်တူနေပါသည်။ မာကိုပိုလို၏ မှတ်တမ်းတွင် ကရင်လူမျိုးကို “ကရယင်” “ကရယင်နယ်” ဟု ဖော်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ ကရင်၏ အမည် စတင်၍ ခေါ်တွင်လာပုံကို ခရေစေ့တွင်းကျ တိတိကျကျ မဖော်ထုတ်နိုင်သော်လည်း ကရင် ဟူသော အမည်ကိုကား ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထားသည်ကို လေ့လာ တွေ့ရှိရပေသည်။

တဖန် မြန်မာနိုင်ငံ၌ ကရင်ကို စကောကရင်၊ ပိုးကရင်၊ မြန်မာကရင်၊ တလိုင်းကရင်၊ ကော်သူးလေ ဟူ၍ ခေါ်နေပါသဖြင့် အချို့ မသိသောသူများ အနေဖြင့် နားလည်ရန် ခက်ခဲရတော့သည်။ ကရင်လူမျိုးတွင် ဖခင်အနွယ်၊ မိခင်အနွယ် ဟူ၍ နှစ်နွယ်ရှိသည်။ ယင်းကဲ့သို့ အနွယ်များ ကွဲရသည်ကိုမူ ပြောရန် ခက်ခဲပါသည်။ ဒဏ္ဍာရီ အဆိုအရ ရှေးယခင်က ဖခင်နှင့် မိခင် နှစ်ဦး ရှိခဲ့ရာ အကြောင်း တစုံတရာကြောင့် မသင့်မြတ်ကြရာမှ ဖခင်နှင့် မိခင် ကွဲသွားရာ ဖခင်နောက် လိုက်သွားသော သားသမီးများသည် ဖခင်အနွယ် ဖြစ်သွားပြီး မိခင်နောက် လိုက်သွားသော သားသမီးများသည် မိခင်အနွယ် ဖြစ်သွားကြသည်ဟု ပြောဆိုလေ့ ရှိကြပါသည်။ ယနေ့ ကရင်များသည် ဖခင်အနွယ်ဝင် ကရင်ဖြစ်စေ၊ မိခင်အနွယ်ဝင် ကရင်ဖြစ်စေ ကရင်လူမျိုး အချင်းချင်း ချစ်ချစ်ခင်ခင် ရှိကြပါသည်။ ပို၍ သိလာလေ ပို၍ပင် ချစ်လာကြသည်ဟု ယူဆရပါသည်။

ဖခင်အနွယ်ဝင် ကရင်ကို စဝှော် ဟု ခေါ်သည်။ စာလုံး ၂ လုံးကို တလုံးတည်း အသံထွက် ပုံစံဖြင့် ပူး၍ ထွက်သည်။ မပီသူများ၊ မခေါ်တတ်သူများက စကော ဟု ခေါ်ကြသည်။ ဒါကိုပင် ပျူနိုင်ငံ သရေခေတ္တရာ ပျက်စဉ်က စကော တချပ် လေတိုက်၍ လွင့်လာသည်ကို စကောတပ်ကြီး ချီတက်လာပြီဟု ယူဆကာ တိုင်းသူပြည်သားများ လန့်ပြေးရာမှ သရေခေတ္တရာ ပျက်စီးရသည်ဟု မှတ်သားရဘူးပါသည်။ ဤ စကောတပ်ကြီး ဟု သမိုင်းတွင် ဖော်ပြမှုသည်ပင် သရေခေတ္တရာ ခေတ်ကတည်းက ဤဒေသများတွင် စကောကရင် ရှိနေပြီဟု သွယ်ဝိုက်၍ ထောက်ခံပြီးသား ဖြစ်နေပေသည်။

မိခင်အနွယ်ဝင် ကရင်များကို ပ၀ိုး ဟု ခေါ်သည်။ စဝေါ် ကဲ့သို့ပင် စာလုံး ၂ လုံးကို တလုံးတည်း တွဲခေါ်ပါသည်။ မခေါ်တတ်သူများက ပိုး ဟု ခေါ်ကြသည်။ မြန်မာကရင်ဟူသော အခေါ်မှာ မြန်မာများနှင့် ပိုမိုနီးကပ်စွာ နေထိုင်ခဲ့သည့် ကရင်များကို ခေါ်ခြင်းဖြစ်ပြီး တလိုင်းကရင်ဆိုသည်မှာ တလိုင်းလူမျိုးများနှင့် ပိုမိုနီးကပ်စွာ နေထိုင်သော ကရင်လူမျိုးများကို ခေါ်ခြင်းဖြစ်သည်။

ကော်သူးလေ ဟူသော အခေါ်မှာ ကရင်လူမျိုးများက မိမိတို့ နေထိုင်ရာ နိုင်ငံကို အလွန်ချစ်မြတ်နိုးစွာဖြင့် ခေါ်သော အမည်ဖြစ်သည်။ ကော် ၏ အဓိပ္ပါယ်မှာ နိုင်ငံ၊ ဒေသ၊ အရပ် ဖြစ်ပြီး သူး မှာ အမဲ (မဖြူစင်ခြင်း) ဖြစ်သည်။ လေး မှာ မရှိ (ကင်းစင်ခြင်း) ဟု အဓိပ္ပါယ် ရသည်။ သို့ဖြစ်၍ ကော်သူးလေ ဆိုလိုရင်း အဓိပ္ပါယ်မှာ ဖြူစင်သန့်ရှင်းပြီး အပြစ်ဆိုစရာ မရှိသော ကရင်အမျိုးသား နိုင်ငံ ဟူ၍ ဖြစ်ပါသည်။ အချို့ကလည်း ပန်းများ ဝေဆာ ပွင့်ဖူးသော နိုင်ငံ (Flowering country) ဟု ခေါ်ကြသည်။

အဓိကအားဖြင့် ကရင်တွင် မိခင်အနွယ် ပ၀ိုးကရင်နှင့် ဖခင်အနွယ် စဝှော်ကရင် ဟူ၍ရှိရာ အခြားသော ကရင်မျိုးနွယ်များသည် မိခင် ဖခင် အနွယ် နှစ်ခုမှ ဆင်းသက်လာကြခြင်း ဖြစ်ကြောင်း လေ့လာ မှတ်သားရပေသည်။ ဥပမာ ပအိုဝ့် သည် ပ၀ိုးကရင် မိခင်နွယ်ဝင် ဖြစ်ပြီး ကယား၊ ကယ်ခို၊ ကယ်ဘား၊ ယင်းဖြူ၊ ယင်းနက်၊ ယင်းကြား၊ ကရင်ဖြူ၊ ကရင်နီ တို့သည် ဖခင်နွယ်ဝင် စကောကရင်များ ဖြစ်ကြသည်။

(Grandfather Longlegs by Ian Morrison, page 16, the Red Karen (So called from their red tunis) the Korenbyus or striped Karens, and the Taungthus of the southern Shan States, The Padaung, … are a small Karen Tribe.)

တဖန် အခြားသော ကရင်အမည်များလည်း ရှိပါသေးသည်။ မြောင် (မျို)၊ ယောင်၊ လားဟူ (မူဆိုး)၊ အခါ (ကော်)၊ နှင့် လီစူး (လီရှော) ဟူ၍လည်း ခေါ်ကြပေသေးသည်။

(People of the Golden Triangle by Paul and Elaine Lewis, published in Great Britain by Thames and Hudson Ltd. 1984, page 7, column 1, Karen, Hmong, Mien (Yao)

Lahu, Akha, and Lisu (page 7, line 13, column 1)

Even so, the members of each tribe have an ethnic – consciosness which leads them to recognize one another as belonging to the same ethnic group.)

တဖန် မွန်လူမျိုးသည်လည်း မိခင်အနွယ်ဝင်ဟု နာမည်ကျော် သမိုင်းသုတေသီ သီအိုဒိုစတင်း က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

(Pwo Karen by James W. Hamilton, published in 1976, by West Publishing Co. “Foreward” page VII, 34th line. The other major branch, the Pwo – Baker’s Peguan (i.e., Mon) Karen many of whom, as Buddhists, … )

ဤ ဖော်ပြမှုသည် ကျွန်ုပ်အနေဖြင့် မငြင်းလိုပေ။ အဘယ်ကြောင့်ဆိုသော် မွန်သည် မိုဟူသော စကောကရင်အခေါ် မိုးဟူသော ပိုးကရင်အခေါ်နှင့် အလွန်တူပြီး အဓိပ္ပါယ်မှာ အမေ မိခင် ဖြစ်ပါသည်။ ၎င်းပြင် မွန်လူမျိုးသည် စကောကရင်၊ ပိုးကရင်တို့နှင့် အတူနေထိုင်ကြသည်ကို သမိုင်းတလျှောက် တွေ့ရသည်။ တလိုင်း (Talaing) ဟူသော အမည်မှာ အိန္ဒိယ တောင်ပိုင်း၊ ယခု မဒရပ်စ်နယ် အနောက်ရှိ ရှေးအခေါ် တလင်္ဂန နယ်မှ လာသော အိန္ဒိယ တောင်ပိုင်းသားများကို ခေါ်သော အမည် ဖြစ်သည်။ မွန်လူမျိုး အမည် မဟုတ်ပါ။

ထို့ပြင် မြန်မာနိုင်ငံမှ ရှမ်းလူမျိုးများနှင့် ထိုင်းနိုင်ငံမှ ထိုင်းလူမျိုးများက ကရင်လူမျိုးများကို ယန်း (Yang) ဟု ခေါ်ကြသည်။ ယန်းလျှံ (ကရင်နီ)၊ ယန်းဖုတ် (ကရင်ဖြူ)၊ ယန်းလိုင်း (ကရင်ကြား) စသဖြင့် ၀တ်စားဆင်ယင်သော အ၀တ်အစားများအပေါ် မူတည်ပြီး အမည်အမျိုးမျိုး ခေါ်တွင်ကြပါသည်။ အမှန်အားဖြင့် လူမျိုးတမျိုးကို လေ့လာပါက ၎င်းမျိုးနွယ်ကြီး (Race) နှင့် ၎င်းမျိုးနွယ်ကြီးမှ ရေမြေ တောတောင် လျှိုမြောင်များ ခွဲခြားထားမှုကြောင့် ပေါ်ပေါက်လာသော မျိုးနွယ်ခွဲ (Clans) များကို ခွဲခြား လေ့လာပါက ပို၍ ပေါ်လွင်မည် ဖြစ်ပါသည်။

ကရင်မျိုးနွယ် အကြောင်းကို အသားဝါအနွယ် မွန်ဂိုလွိုက် (Mongoloid) အကြောင်းနှင့် ဆက်စပ်၍ အောက်ပါအတိုင်း လေ့လာနိုင်ပေသည်။

ဆက်လက်ဖော်ပြပါမည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ၏ နံရံကပ်စာစောင်တွင် ဖော်ပြထားသည့် သုတေသန စာတမ်းတခုကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်။
.zwekabin.မှကူးယူသည်။

ဆက်ဖတ်ရန်....

Sunday, November 1, 2009

ထင်းခုတ်သမားနှစ်ဦး

တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီ မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့ သော်လည်း သူ၏ထင်းမှာ အဘိုးအိုထက် နည်းနေခဲ့သည်။

ခြောက်ရက်မြှောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့သည်။ “ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”


“ဒီိလို လူလေး... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကို သွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုး အသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေ တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက “အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီး သူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀ လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ် သွားနိုင်တယ်

ဆက်ဖတ်ရန်...

ပြန်သိမ်းရန်...

Posted by အရှင်နာယကာလင်္ကာရ

ဆက်ဖတ်ရန်....

  © Blogger templates ProBlogger Template by Ourblogtemplates.com 2008

Back to TOP